ရန်ကုန် စက်တင်ဘာ ၂၉
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) နောက်ဆုံးနေ့ကို စက်တင်ဘာ ၂၉ ရက်က ဆက်လက်ကျင်းပရာ ရတနာပုံအသင်းနှင့် သစ္စာအားမာန်အသင်းတို့ ဂိုးပြတ်အနိုင်ရခဲ့သည်။
သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ရခိုင်ယူနိုက်တက်အသင်းကို ခုနစ်ဂိုး-သုံးဂိုး ဖြင့် အနိုင်ရခဲ့သည်။ ယခုရာသီတွင် ခြေစွမ်းပြနေသည့် ရတနာပုံအသင်းသည် ဂိုးပြတ်နိုင်ပွဲနှင့်အတူ ငါးပွဲကစားအပြီး တတိယမြောက်နိုင်ပွဲရယူကာ ဇယားထိပ်ပိုင်းမှအသင်းများကို ဆက်လက်ဖိအားပေးလျက်ရှိသည်။
ရခိုင်ယူနိုက်တက်အသင်းမှာမူ ရလဒ်ဆိုးရွားနေမှုကို အဆုံးသတ်နိုင်ခြင်းမရှိသေးဘဲ ငါးပွဲဆက်တိုက် အရေးနိမ့်ခဲ့သည်။
နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာပြီး နှစ်သင်းပေါင်း သွင်းဂိုး ၁၀ ဂိုးအထိ တွေ့မြင်ခဲ့ရသည်။
သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက မဟာယူနိုက်တက်အသင်း ကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ပွဲစဉ် (၄) တွင် ရန်ကုန်ယူနိုက်တက်ကို အနိုင်ကစားထားသည့် သစ္စာအားမာန်အသင်းသည် ယခုတစ်ပတ်တွင်လည်း မဟာယူနိုက်တက်အသင်းကို အနိုင်ယူကာ နိုင်ပွဲဆက်ခဲ့သည်။
ယခုတစ်ပတ်ကျင်းပသည့် ပွဲစဉ်(၅)တွင် ရှမ်းယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုး၊ ရန်ကုန်ယူနိုက်တက်အသင်းက ရာမညယူနိုက်တက်အသင်းကို ခြောက်ဂိုးပြတ်ဖြင့် အနိုင်ရပြီး အား/ကာသိပ္ပံနှင့် ဟံသာဝတီ ယူနိုက်တက်အသင်း နှစ်ဂိုးစီသရေ၊ ဒဂုံစတားယူနိုက်တက်အသင်းနှင့် Dagon Port အသင်းတို့ သုံးဂိုးစီသရေကျခဲ့သည်။ ပြိုင်ပွဲဝင်အသင်းများအနက် ရှမ်းယူနိုက်တက်နှင့် မဟာယူနိုက်တက်အသင်းတို့မှာ လေးပွဲစီသာကစားရသေးပြီး ကျန်အသင်းများမှာမူ ငါးပွဲစီကစားထားပြီးဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL


