စက်တင်ဘာ ၃၀
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် ယမန်နေ့က စာသင်ကျောင်းတစ်ခု ပြိုကျမှုကြောင့် ကျောင်းသားတစ်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူဒါဇင်နှင့်ချီရှိကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။
စီဒိုအာဂျိုခရိုင်ရှိ အာလ်ခိုဇီနီ အစ္စလာမ်ဘာသာရေးပညာသင်ကျောင်းတွင် နေ့ခင်းဝတ်ပြုချိန်အတွင်း ရုတ်တရက် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း အရှေ့ဂျာဗားရှိ ဆူရာဘာယာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး အကြီးအကဲက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် သေဆုံးသူတစ်ဦးကိုထုတ်ယူနိုင်ခဲ့ပြီး ကျောင်းသား ၁၀၂ ဦး ကို ထိုပြိုကျမှုအောက်မှ ဘေးလွတ်ရာသို့ကယ်ထုတ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းကပြောကြားသည်။
အာဏာပိုင်များက ပြိုကျမှုဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများစတင်လုပ်ဆောင်နေချိန်တွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန်နှင့် ရုပ်အလောင်းများကို ဆယ်ယူရန် စက်ကိရိယာကြီးများဖြင့် ပံ့ပိုးပေးထားသော ရာနှင့်ချီရှိသောကယ်ဆယ်ရေးသမားများအား ထိုနေရာတွင် ဖြန့်ချထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


