မီချီဂန် စက်တင်ဘာ ၂၉
သေနတ်သမားတစ်ဦးက အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းပြည်နယ်တစ်ခုဖြစ်သော မီချီဂန်ပြည်နယ်ရှိ ဘုရားရှိခိုးကျောင်းထဲ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးခန့် သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။
သေနတ်ပစ်ခတ်မှုသည် မီချီဂန်ပြည်နယ်မြို့တော် ဒက်ထရိုက်မှ တစ်နာရီခန့် ကားမောင်းသွားရသည့် အကွာအဝေးတွင်ရှိသောဂရန့်ဒ်ဘလန့်စ်မြို့၌ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေနတ်ပစ်သူသည် ဘုရားရှိခိုးကျောင်းရှေ့သို့ ယာဉ်ကို တစ်ဟုန်ထိုးမောင်းဝင်လာခဲ့ပြီးနောက် ကားထဲမှထွက်ကာ ဘုရှားရှိခိုးကျောင်းထဲရှိ ဝတ်ပြုရန် စုဝေးနေသော လူအုပ်ကြားထဲသို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ဒေသရဲတပ်ဖွဲ့က ပြောသည်။
ဒဏ်ရာရရှိသူ ရှစ်ဦးကို ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့သည်။
ထို့နောက် သံသယရှိသူက ဘုရားရှိခိုးကျောင်းကို မီးရှို့ခဲ့သည်။ အေပီသတင်းဌာနမှ ပေးပို့သော ရုပ်သံဖိုင်တွင် မီးတောက်များနှင့် မီးခိုးများသည် ဘုရားရှိခိုးကျောင်းခေါင်မိုးမှ အပေါ်သို့ ထွက်နေသည်ကို တွေ့မြင်နိုင်သည်။
သံသယရှိသူသည် အသက် ၄၀ အရွယ်ရှိ လူတစ်ဦးဖြစ်ပြီး ဘုရားရှိခိုးကျောင်းအနီးတွင် နေထိုင်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ၎င်းကို ပစ်ခတ်ဖမ်းဆီးရာတွင် သေဆုံးခဲ့သည်။ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ရသည့်အကြောင်းနှင့် အသေးစိတ်အချက်အလက်ကို မသိရသေးချေ။
သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ဘုရားရှိခိုးကျောင်းထဲ၌ လူရာချီရှိကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြခဲ့သည်။
သေဆုံးသူအရေအတွက်မြင့်တက်လာနိုင်သည်ဟုလည်း ရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါပစ်ခတ်မှုသည် အမေရိကန်ပြည်ထောင်စုရှိ ခရစ်ယာန်များကို ပစ်မှတ်ထားတိုက်ခိုက်သည့် နောက်ထပ်ပစ်မှတ် တစ်ခုဖြစ်ပုံရသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုမီဒီယာပေါ်တွင် စက်တင်ဘာ ၂၈ ရက်က ရေးသားဖော်ပြခဲ့သည်။
အကြမ်းဖက်ကူးစက်မှုကပ်ဆိုးကြီး ချက်ချင်းအဆုံးသတ်ရမည်ဟု အမေရိကန်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


