စက်တင်ဘာ ၃၀
ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းဘူအလွိုင်တိုက်ခတ်မှုနှင့် နောက်ဆက်တွဲ ရေကြီးမှုကြောင့် သေဆုံးသူ ၁၉ ဦးအထိ မြင့်တက်လာပြီး ၈၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။
အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှစ်ဦးသည် အဆက်အသွယ်မရရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံအလယ်ပိုင်း ဟာတင်ရှ်ပြည်နယ်တွင် ထိခိုက်မှုအများဆုံးဖြစ်ပြီး အိမ်ခြေ ၁၀၅၀၀၀ ကျော် အမိုးမရှိ သို့မဟုတ် ပျက်စီးခဲ့သည်ဟု သိရသည်။
ဗီယက်နမ်ဝန်ကြီးချုပ်က မုန်တိုင်းတိုက်ခတ်ခံရပြီးနောက် ထိခိုက်မှုလျော့ပါးသက်သာစေရန်အတွက် ကဏ္ဍများအလိုက် အရေးပေါ်အစီအမံများဆောင်ရွက်ရန်၊ ပျက်စီးသွားသော ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို အောက်တိုဘာ ၅ ရက်မတိုင်မီ ပြန်လည်ပြုပြင်ရန် ဒေသဆိုင်ရာအာဏာပိုင်များအား ညွှန်ကြားထားသည်။
အမျိုးသားဗဟိုဌာန၏ မိုးလေဝသခန့်မှန်းချက်အရ လျှပ်တပြက်ရေကြီးမှုနှင့် မြေပြိုမှုများသည် လာမည့်နှစ်ရက်မှ သုံးရက်အတွင်း ဆက်လက်ဖြစ်ပွားနိုင်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


