စပိန်လာလီဂါပွဲစဉ် (၇) မှ စက်တင်ဘာ ၂၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် နာမည်ကြီး ဘာစီလိုနာနှင့် ဆိုစီဒက်အသင်းပွဲစဉ်တွင်  ဘာစီလိုနာအသင်းက အကြိတ်အနယ်ကစားကာ နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။   

ဘာစီလိုနာအသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဘောလုံးပိုင်ဆိုင်မှုအသာနှင့်အတူ ဖိအားပေး ကစားနိုင်ခဲ့သည်။ သို့သော်လည်း ပွဲကစားချိန် ၃၁ မိနစ်တွင် ဆိုစီဒက်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး အသင်းကစားသမား အယ်လ်ဗာရို အိုဒီရိုဇိုလာက တန်ပြန်တိုက်စစ်ဆင်မှုမှတစ်ဆင့်  ရရှိလာသည့်အခွင့်အရေးကို   အမိအရအသုံးချကာ   အမှားအယွင်းမရှိ အဆုံးသတ်သွင်းယူနိုင်ခဲ့သည်။

ဘာစီလိုနာအသင်းသည် ပထမပိုင်းပွဲကစားချိန်ပြည့်ခါနီးတွင် ချေပဂိုးရရှိခဲ့သည်။ အဆိုပါချေပဂိုးကို ရက်ဖို့ဒ်၏ ဖန်တီးပေးမှုမှ ကွန်ဒေးက ခေါင်းတိုက်အဆုံးသတ်သွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်း တွင် တစ်ဖက်တစ်ဂိုးစီ သရေကျနေသည်။ ဒုတိယပိုင်းတွင် လူစားဝင်ကစားသမား လာမင်းယာမဲလ် ခြေစွမ်းပြသနိုင်ခဲ့ပြီး  အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။ ယာမဲလ်၏ တိကျသည့် ကန်တင်ပေးပို့မှုကို အသင်းအဓိကတိုက်စစ်ကစားသမား လီဝမ်ဒေါစကီးက အဆုံးသတ်သွင်းယူနိုင်ခဲ့သည်။

ပွဲချိန်တစ်လျှောက်တွင် ဆိုစီဒက်အသင်းဂိုးသမား အဲလက်စ်ရီမီရို အထူးလက်စွမ်းပြသနိုင်ခဲ့ပြီး   ဘာစီလိုနာအသင်း၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများစွာကို ဟန့်တားကာကွယ်နိုင်ခဲ့သည်။   ဘာစီလိုနာအသင်းသည်  ယခုပွဲစဉ်   နိုင်ပွဲရရှိခဲ့သည့်အတွက်  အဓိကပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားကို တစ်ကျော့ပြန်ဦးဆောင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အခြားပွဲစဉ်ရလဒ်များတွင် ဆီဗီလာက ဗယ်လက်ကာနိုကို တစ်ဂိုး-ဂိုးမရှိ၊ အယ်ချီက ဆဲလ်တာဗီဂိုကို  နှစ်ဂိုး-တစ်ဂိုး၊ ဘက်တစ်က အိုဆာဆူနာကို နှစ်ဂိုး-ဂိုးမရှိဖြင့် အသီးသီးနိုင်ပွဲရရှိခဲ့သည်။     

အောင်ဇော်