စက်တင်ဘာ ၃၀
ပါကစ္စတန်နိုင်ငံတောင်ပိုင်းဆင်းဒ်ရှ်ပြည်နယ်တွင် ပိုလီယိုရောဂါဖြစ်ပွားသူ နှစ်ဦးထပ်မံတွေ့ရှိခဲ့ရာယခုနှစ်အတွင်း ယင်းရောဂါဖြစ်ပွားသူ ၂၉ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။
ဘာဒင်နှင့်တက်တာခရိုင်တို့တွင် ရောဂါဖြစ်ပွားမှုနောက်ဆုံးတွေ့ရှိခဲ့ကြောင်း အစ္စလာမာဘတ်ရှိ အမျိုးသားကျန်းမာရေးအင်စတီကျူ ပိုလီယိုပပျောက်ရေးဒေသဆိုင်ရာဓာတ်ခွဲခန်းက ပြောကြားသည်။
၂၀၂၅ ခုနှစ် လက်ရှိအချိန်အထိ ပိုလီယိုရောဂါဖြစ်ပွားသူ အနောက်မြောက်ပိုင်း ခိုင်ဘာပတ်ထွန်ခ်ဟွာပြည်နယ်တွင် ၁၈ ဦး၊ တောင်ပိုင်း ဆင်းဒ်ရှ်ပြည်နယ်တွင် ကိုးဦး၊ အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်နှင့် မြောက်ပိုင်း ဂီလ်ဂစ်-ဘာလ်တစ်တန်ဒေသတွင်တစ်ဦးစီဖြစ်ကြောင်း သိရသည်။
ဘာဒင်နှင့် တက်တာခရိုင်တို့အပါအဝင် ခရိုင် ၈၈ ခုတွင် ယခုလ အစောပိုင်းက ကာကွယ်ဆေးထိုးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ရာ ငါးနှစ်အောက် ကလေးငယ် ၂၁ သန်းနီးပါး အထိထိုးနှံပြီးဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
လာမည့်အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးသူငယ် ၄၅ ဒသမ ၄ သန်းခန့်ကို ကာကွယ်ဆေးထိုးရန်ရည်ရွယ်ကာ ကာကွယ်ဆေးထိုးလှုပ်ရှားမှုလုပ်ဆောင်သွားမည်ဟု သိရသည်။ ထိုလုပ်ဆောင်ချက်အတွင်း ကျန်းမာရေးလုပ်သား ၄၀၀၀၀၀ ကျော်သည် ဗီတာမင်အေဖြည့်စွက်ဆေးများနှင့် ပိုလီယိုရောဂါကာကွယ်ဆေးများတိုက်ကျွေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ထပ်လောင်းပြောကြားသည်။
ပါကစ္စတန်နှင့် အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် ပိုလီယိုဗိုင်းရပ်စ် အစုလိုက်ကျန်ရှိနေသော နိုင်ငံနှစ်နိုင်ငံသာလျှင်ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


