နေပြည်တော် စက်တင်ဘာ ၃၀

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့ မြို့မဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ မြို့နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော်ကာ သံဃာတော် အရှင်သူမြတ်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် ဈေးတန်းရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ သွားရောက်ပြီး ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေး၍ ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် မာန်အောင်မြို့ မြို့မစည်ပင်သာယာ ဈေးအတွင်း ဈေးသူ ဈေးသားများ ဈေးရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဈေးသူ ဈေးသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ကြသည်။

 

စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်စေတီတော်အား သွားရောက် ဖူးမြော်ကြပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြကာ အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။

 

ဆက်လက်၍ မာန်အောင်မြို့နယ်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက မြို့နယ်အဆင့် ဌာနဆိုင်ရာများသို့ ဆန်နှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် မာန်အောင်မြို့ပေါ်တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများရရှိနိုင်ရေး အတွက် ဆိုလာမီးများ၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတရသစာအုပ်များကို ပေးအပ်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံ တက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသည့် လူနာများအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားသည်။ ထို့နောက် အာဟာရ ဖြည့်စွက်စာများနှင့် မာန်အောင်ဆေးရုံအတွက် လိုအပ်လျက်ရှိသော ဆေးများကိုပေးအပ်ပြီး ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)