မန္တလေး စက်တင်ဘာ ၃၀
မန္တလေးတက္ကသိုလ်၌ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ပွဲတော်ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင် နေမှုကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပင်မဆောင်နှင့် ဘွဲ့နှင်းသဘင်ခန်းမတို့ကို ပြန်လည်ပြုပြင်တည်ဆောက်နေမှု တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆိုင်ရာများ မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms.Noriko Takagi အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ငလျင်အလွန်ကာလ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတွင် UNHCR ၏ လုပ်ငန်းများဆောင်ရွက်နေမှု၊ ငလျင်ဘေးသင့်သူများ အတွက် UNHCR မှ ကူညီထောက်ပံ့ပေးနေမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ မန္တလေးမြို့ရှိ ငလျင်ကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ငလျင်ကြောင့် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၌ သာသနိကအဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီး ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြီးစီးမှုကို လည်းကောင်း၊ အမရပူရမြို့နယ်ရှိ သမိုင်းဝင် ရွှေကြက်ကျ ဆုတောင်းပြည့်စေတီတော်ကြီးနှင့် အရံစေတီတော်များ၊ ရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြီးစီးမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


