နေပြည်တော် စက်တင်ဘာ ၃၀
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက စက်တင်ဘာ ၃ ရက်မှ ၄ ရက် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုအထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ မြန်မာနိုင်ငံ၏ (၁၅) ကြိမ်မြောက် တိုးတက်မှု အစီရင်ခံစာအပေါ် ဆွေးနွေးသည့် APJG ၏ မျက်နှာချင်းဆိုင် အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံ (Action Plan) ပါ အချက်များအနက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း၊ ရလဒ်ကောင်းအနေဖြင့် လက်ငင်းရလဒ် ၈ ဒသမ ၂ ကို ကြီးမားစွာ လိုက်နာ ဆောင်ရွက်ခြင်း(Largely Add-ress) အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း၊ (၁၆)ကြိမ်မြောက် တိုးတက်မှု အစီရင်ခံစာ ရေးသားရာတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျန်ရှိသည့် အစီအမံ ငါးခုကို အဆင့် တိုးမြှင့်ရရှိရေးအတွက် အဓိကအလေးထား ဆောင်ရွက်မည့် နယ်ပယ်များ သတ်မှတ်ရန်နှင့် မေးခွန်းတစ်ခုချင်းအလိုက် တိကျသည့် ဖြေကြားချက်များ ပြန်လည်ဖြေကြားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများသည်လည်း ရလဒ်ကောင်းများရရှိရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်ကြောင်း ဆွေးနွေး မှာကြားသည်။
ထို့နောက် လုပ်ငန်းအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပြင်ဆင်ရေးဆွဲနေမှု၊ တိုးတက်မှုအစီရင်ခံစာ များရေးသားရာတွင် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် အကဲဖြတ်သူများက ထောက်ပြထားသည့် ဆက်လက်ရေးဆွဲရမည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြသည်။
ဆွေးနွေး
ယင်းနောက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေး ရေးဦးစီးဌာန၊ ပြည်ထောင်စုတရား စီရင်ရေးကြီးကြပ်မှုရုံးနှင့် ဥပဒေ အကြံဉာဏ်ပေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အစီရင်ခံစာတွင် ထည့်သွင်းဖြေကြားမည့် အကြောင်းအရာများ၊ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Asia- Pacific Group on Money Lau-ndering - APG) နှစ်ပတ်လည် အစည်းအဝေးနှင့် နည်းပညာနှင့် သင်တန်းပေးရေးဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့မှု၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပြင်ဆင်သည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာ နယ်ပယ်အလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


