မြိတ် အောက်တိုဘာ ၁

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပုလဲရတနာခန်းမ၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြိတ်ခရိုင်ရဲတပ်ဖွဲ့က ကြီးမှူးကျင်းပပြီး မှုခင်းများ စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်သည်။

 

အခမ်းအနားတွင် မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကားပြောကြားပြီး ရဲချုပ်ထံမှ ပေးပို့သော (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သန်းနုက ဖတ်ကြားသည်။ ထို့နောက် မှုခင်းများ စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲအရာရှိများ၊ အခြားအဆင့် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသူများအား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

မြိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ၁၃၃ မှု၊ တရားခံ ၂၀၀၊ ၂၀၂၅ ခုနှစ်တွင် ယနေ့အထိ အမှု ၁၀၀၊ တရားခံ ၁၅၄ ဦးကို မြိတ်ခရိုင်ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)