နေပြည်တော် အောက်တိုဘာ ၁
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း Dr. Khalid Bin Mohammed Al Attiyah ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံ ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရှေ့တောင် အာရှဒေသတွင် အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စွမ်းအင်သယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်း များစွာရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အလားအလာကောင်းသော ကုန်းပိုင်းနှင့် ကမ်းလွန် လစ်လပ် လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းများတွင် ကာတာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန် ဖိတ်ခေါ်လိုပါကြောင်း၊ ကာတာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝပြီး ကမ္ဘာ့အဓိက LNG ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သဖြင့် LNG ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ မြန်မာနိုင်ငံကို LNG Trading Hub အဖြစ် ဆောင်ရွက်၍ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှရှိ နိုင်ငံများသို့ လိုအပ်သည့် သဘာဝဓာတ်ငွေ့များကို ပေးပို့ ဖြန့်ဖြူးပေးနိုင်မည့် အခွင့်အလမ်း များရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း Dr. Khalid Bin Mohammed Al Attiyah က ကာတာနိုင်ငံနှင့် အခြားနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်း ပြောကြားကာ မြန်မာ-ကာတာ နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


