ဟားခါး အောက်တိုဘာ ၁
(၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဟားခါးမြို့ ချင်းပြည်နယ်ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံစစ်ဗျူဟာမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် မိသားစုများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေး တာဝန်များကို ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရင်း နိုင်ငံတော်နှင့် ရဲတပ်ဖွဲ့အတွက် အသက်ခန္ဓာ စွန့်လွှတ်မှုများလည်းရှိကြောင်း၊ ရဲတပ်ဖွဲ့များအနေဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် မိမိတို့ပါဝင်နိုင်သည့် ကဏ္ဍမှ ထိထိရောက်ရောက် လုပ်ဆောင်ပေးကြသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် တပ်ဖွဲ့ဂုဏ်သိက္ခာကို မြှင့်တင်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသည့် တပ်ဖွဲဝင်များ ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း တပ်ဖွဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းကျဆင်းစေတတ်သည့် ဥပဒေနှင့်မညီသော လုပ်ရပ်များ မလုပ်မိစေရန် ကိုယ်စီပြုပြင် ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရွာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဂတိကင်းစွာဖြင့် ဆောင်ရွက်ရန်၊ တာဝန်ကိုဦးလည်မသုန် ထမ်းဆောင်နိုင်သည့် တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားကြရန်လိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှပေးပို့သော သဝဏ်လွှာအား ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ဖတ်ကြားသည်။
ယင်းနောက် တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင် တစ်ဦးကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ ချင်းပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ သက်သာ ချောင်ချိရေးအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့က အရင်းမပျောက် မတည်ငွေ ကျပ်သိန်း ၅၀၀ ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက လည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကို ကြည့်ရှုပြီး အခမ်းအနားရုတ်သိမ်းကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


