အောက်တိုဘာ ၂
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမ ကိုးလအတွင်း မိုးကြိုးပစ်ခံရမှုများကြောင့် လူ ၄၀ သေဆုံးခဲ့ပြီး ယခင်နှစ် အလားတူကာလက သေဆုံးသူ ၅၄ ဦးရှိရာ သေဆုံးမှု၂၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေး ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင်ပြောကြားခဲ့သည်။
အဆိုပါသေဆုံးသူများတွင် အမျိုးသမီး ၁၃ ဦးနှင့် ကလေး ၁၃ ဦး ပါဝင်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ အင်န်စီဒီအမ်၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ပြောကြားသည်။
ထိုသေဆုံးမှုများအပြင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အခြားလူ ၅၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နွား ၇၁ ကောင် သေဆုံးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
စီရမ်ရိ၊ ဘတ်တမ်ဘန်၊ ဘန်တီမီအန်ချီ၊ ပရိစီဟာနော့ခ်ပြည်နယ်တို့တွင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူဦးရေအမြင့်မားဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
မိုးကြိုးပစ်ခံရသည့်အန္တရာယ်မှရှောင်ရှားရန် ပြည်သူများ အထူးသဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူများအနေဖြင့် မိုးရွာသွန်းနေချိန်တွင် အမိုးအကာများ၊ နေအိမ်များအတွင်းနေထိုင်သင့်သည်ဟု ၎င်းကဆိုသည်။
ယခုနှစ် ပထမ ကိုးလအတွင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ကိုးဦး သေဆုံးခဲ့ပြီး မိုးကြိုးပစ်မှု၊ မီးလောင်ကျွမ်းမှုတို့ကြောင့် ၂၇ ဦး သေဆုံးခဲ့ကြောင်း ထိုသူက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


