နေပြည်တော် အောက်တိုဘာ ၁
တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများကို အခြေခံ စစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ စခန်းချ လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး ဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ၏ အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းဖွင့်ပွဲများကို နေပြည်တော် ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဗထူးတပ်မြို့၊ မွန်ပြည်နယ် ချောင်းဆုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တို့ရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ သင်တန်းတာဝန်ခံ အရာရှိများ၊ သင်တန်း ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားများ ပြောကြားကြသည်။
ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ကျောင်းသား ကျောင်းသူများ၏ ကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းမှူး များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အားကစားပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ်တန်းမြင့် စစ်ပညာသင်တန်းနှင့် ဒုတိယနှစ်တန်းမြင့် စစ်ပညာသင်တန်းတို့ဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန်အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


