ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ် (၂) အဖြစ် အောက်တိုဘာ  ၁  ရက်  နံနက် ၁ နာရီခွဲက တူရကီနိုင်ငံ  အစ္စတန် ဘူလ်မြို့ရှိ RAMS ပတ်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဂါလာတာစရေးနှင့် နာမည်ကြီး လီဗာပူးအသင်း ပွဲစဉ်တွင် ဂါလာတာစရေးအသင်းက အကြိတ်အနယ်ကစားပြီး တစ်ဂိုး-ဂိုးမရှိဖြင့်  နိုင်ပွဲရရှိခဲ့သည်။

နည်းပြ အာနေးစလော့သ်၏ လီဗာပူးအသင်းသည်   ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက်  ယခုနှစ် ရာသီတွင် နှစ်ပွဲဆက်ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ လီဗာပူးအသင်းသည် ယခုပွဲစဉ်မတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့်  ပရီမီယာလိဂ်ပွဲစဉ်(၆)တွင်လည်း  ပြိုင်ဘက်ခရစ္စတယ်ပဲလေ့စ်အသင်းကို    နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

လီဗာပူးအသင်းသည် အားထားရသည့် အဓိကတိုက်စစ်ကစားသမား ဆာလာနှင့် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသော အဲလက်ဇန္ဒြား အီဆတ်တို့ကို ပွဲထွက်ကစားသမားအဖြစ်မှ  ချန်လှပ်ခဲ့ပြီး ဖရင်ပေါင်၊ ဝစ်ဇ်၊ ဂတ်ပို၊ အီကီတီကဲတို့ ဦးဆောင်ကာ ဂါလာတာစရေးအသင်းကို ရင်ဆိုင်လာခဲ့သည်။ ဂါလာတာစရေးအသင်းကလည်း ဂန်ဒိုဂန်၊ ယဲလ်မက်ဇ်၊   အိုစင်မန်တို့ ဦးဆောင်ကာ လီဗာပူးအသင်းကို ရင်ဆိုင်လာခဲ့သည်။

လီဗာပူးအသင်းက ပွဲချိန်တစ်လျှောက် ဂိုးပေါက်ခြိမ်းခြောက်မှု အသာနှင့်အတူ ဂါလာတာစရေးအသင်းကို ဖိအားပေးကစားနိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်းခံစစ်နှင့် ဂိုးသမားတို့ အကောင်းဆုံး  ဟန့်တားကာကွယ်နိုင်ခဲ့သည့်အတွက် သွင်းဂိုးရရှိရေး  အခက်တွေ့ခဲ့ရသည်။ ဂါလာတာစရေးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အသင်း အဓိကတိုက်စစ်ကစားသမား အိုစင်မန်က ပွဲကစားချိန် ၁၆ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သည်။

အခြားပွဲစဉ်ရလဒ်များတွင် အတ္တလန္တာက ကလပ်ဘရုဂေးကို နှစ်ဂိုး-တစ်ဂိုး၊ ရီးရဲမက်ဒရစ်က ကိုင်ရတ် အယ်မာတီကို ငါးဂိုး-ဂိုးမရှိ၊ အက်သလက်တီကိုမက်ဒရစ်က ဖရန့်ဖတ်ကို ငါးဂိုး-တစ်ဂိုး၊ ချယ်ဆီးက ဘင်ဖီကာကို တစ်ဂိုး-ဂိုးမရှိ၊ အင်တာမီလန်က စလာဗီယာပရာ့ဂ်ကို  သုံးဂိုး-ဂိုးမရှိ၊  မာဆေးလ်က အိုင်း ယက်စ်ကို လေးဂိုး-ဂိုးမရှိ၊ ဘိုင်ယန်မြူးနစ်က ပါဖို့စ်အက်ဖ်စီကို  ငါးဂိုး-တစ်ဂိုးဖြင့် အသီးသီးနိုင်ပွဲရရှိခဲ့ပြီး ဘိုဒိုဂလင့်နှင့် စပါးအသင်းပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။ 

အောင်ဇော်