အောက်တိုဘာ ၂
မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးမှုအသင်း၏ ပြောကြားချက်အရ တောင်ကိုရီးယားကုမ္ပဏီ တစ်ခုဖြစ်သည့် ကိုတာ (KOTA) ကုမ္ပဏီသည် မြန်မာနိုင်ငံမှ သရက်သီးများ ဝယ်ယူလိုကြောင်းကို ဆိုးလ်မြို့ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးစစ်သံမှူးမှတစ်ဆင့် အဆိုပြုလာကြောင်း သိရသည်။
မြန်မာ့သရက်သီးကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး သရက်သီးထုတ်ကုန်များဖြစ်သည့် သရက်သီးအနှစ်၊ သရက်သီးခြောက်နှင့် သရက်ပြားခြောက်များကို ရုရှားနှင့် အခြားသော နိုင်ငံတကာမိတ်ဖက် ကုန်သည်များထံ ပို့ဆောင်လျက်ရှိသည်။
တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့မည်ဆိုပါက တိရစ္ဆာန်နှင့် အပင်များ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန၏ စည်းကမ်းနှင့်အညီ စိုက်ပျိုးသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပေးထားသော အပင်အတွက်အသိအမှတ်ပြု ထောက်ခံချက်လိုအပ်သည်။ ကုန်ပစ္စည်းများမတင်ပို့မီ ထုတ်ကုန်စက်ရုံများ၊ စာရင်းသွင်းထားသော စိုက်ပျိုးဧရိယာနှင့်ဆက်စပ်သည့် စာရွက်စာတမ်းများကို တိရစ္ဆာန်နှင့် အပင်များ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနသို့ ကြိုတင် တင်သွင်းရမည်။ ထို့အပြင် စက်ရုံများအနေဖြင့် အပူပေးခြင်းနှင့် ကူးစက်ရောဂါများပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ကာကွယ်ရေးကိစ္စရပ်များကို ဆောင်ရွက်ရမည်။ နှစ်နိုင်ငံမှ သက်ဆိုင်ရာအဖွဲ့များသည် ကူးစက်ရောဂါကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ စိတ်ချလုံခြုံမှုရှိစေရန် စာရွက်စာတမ်းများနှင့် နမူနာများ (သစ်သီးသေတ္တာများ၏ နှစ်ရာခိုင်နှုန်းနှင့် လတ်ဆတ်သောသစ်သီးတင်ပို့မှုတစ်ကြိမ်လျှင် အလုံး ၆၀၀) ယူပြီး စစ်ဆေးမည်ဖြစ်သည်။
တင်သွင်းသူများကလည်း တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်လုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
MDN


