တာချီလိတ် အောက်တိုဘာ ၂

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ရန်အောင်မြေရပ်ကွက် ပါလျှံ(၁)ရှိ အောင်ဇေယျရဲခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံတို့က အမှာစကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုးက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားသည်။

 

ထို့နောက် တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုးနှင့် တာဝန်ရှိသူများက တာချီလိတ်မြို့နယ်အတွင်း မှုခင်းများကို စွမ်းစွမ်းတမံ ဖော်ထုတ်ခဲ့သည့် တပ်ဖွဲ့ဝင်များ၊ ရုံးလုပ်ငန်း တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင် ၃၂ ဦးအား ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်နှင့် တာဝန်ရှိသူများက နေအိမ်လိုင်းခန်းများ အတွင်း၊ အပြင် သန့်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ဆုရရှိသည့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)