သထုံ အောက်တိုဘာ ၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သထုံခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအရ ယခုဘဏ္ဍာနှစ်၌ သထုံခရိုင်အတွင်း ဖွင့်လှစ်ခဲ့သည့် သင်တန်းတို့မှ ထူးချွန်သင်တန်းသားများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ပြောကြား
ဦးစွာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က အမှာစကား ပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခွန်ထွန်းထွန်းလှ က စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးအောင်၊ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှူးဒေါ်အိကလျာနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်တို့က သင်တန်းအသီးသီးတို့မှ ထူးချွန် သင်တန်းသား သင်တန်းသူ ၁၅ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၁၂သိန်းနှင့် ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။
သထုံခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် သထုံခရိုင် အတွင်းရှိ ကျေးရွာ ခုနစ်ရွာတို့၌ ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် သင်တန်းများ ဖွင့်လှစ်ခဲ့ရာ သထုံမြို့နယ်တွင် နောင်ကုလားကျေးရွာအုပ်စု ရှမ်းရွာ၌ အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုးပြုပြင်နည်း၊ ဇရစ်ချောင်ကျေးရွာအုပ်စု ကျောင်းရွာ၌ သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် လုပ်ငန်းနှင့် ပေါ်တော်မူကျေးရွာအုပ်စု ဝိသုဒ္ဓိရွာ၌ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာ သင်တန်းတို့ကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းတို့မှ ထူးချွန်သူ ၁၅ ဦးတို့အား ရွေးချယ်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


