ပုသိမ် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် Digital Platform အသုံးပြုကာ စားသုံးဆီ ဖြန့်ဖြူးမှုစနစ်မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂ဝ၂၄ ခုနှစ် ဇွန် ၃ ရက်မှစ၍ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လက်လီ/လက်ကား အရောင်းကိုယ်စားလှယ်များသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် တိုင်းဒေသကြီးအတွက် တစ်လဖြန့်ခွဲရရှိသည့် စားအုန်းဆီတန်ချိန် ၃၆၀၀ ကို လက်ကား/လက်လီ စာရင်းအမှန်နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အခြင်အတွယ်နှင့် အရည်အသွေးမှန်စေရေးတို့အတွက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ဖြန့်ခွဲရရှိ စားအုန်းဆီများကို ပြည်သူများလက်ဝယ်အရောက် ရောက်ရှိစေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စားအုန်းဆီတင်သွင်းရာတွင် စားသုံးသူပြည်သူများ လက်ဝယ်အရောက် သတ်မှတ်ဈေးနှုန်းများဖြင့် သက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ယခုအခါ Digital Platform အသုံးပြု Software စနစ်ဖြင့် ထိန်းကျောင်းကြပ်မတ်နိုင်ရေးအတွက် Software အသုံးပြုခြင်း နည်းစနစ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာခရိုင်အလိုက် သင်တန်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် Software စနစ်ဖြင့် ထိန်းကျောင်းခြင်းကို လက်ကားကိုယ်စားလှယ်များ အားလုံးအသုံးပြုနေပြီဖြစ်သကဲ့သို့ များမကြာမီကာလတွင် လက်လီကိုယ်စားလှယ်များမှ စားသုံးသူ ပြည်သူများသို့ ရောင်းချပေးမှုကို Software စနစ်ဖြင့် အသုံးပြုနိုင်ရေးကိုလည်း အမြန်ဆုံး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Capital Connect Limited မှ တာဝန်ရှိသူတစ်ဦးက EOS Digital စနစ်ဖြင့် စားသုံးဆီဖြန့်ဖြူးကြီးကြပ်ရေး လုပ်ငန်းစဉ်များ၊ စားသုံးဆီဖြန့်ဖြူးကြီးကြပ်ရေး EOS စနစ်တွင် ပါဝင်သည့် စနစ်များနှင့် အသုံးပြုမှုများကိုလည်းကောင်း၊ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက စားသုံးဆီများ သယ်ယူပို့ဆောင်ဖြန့်ဖြူးရာတွင် GPS၊ CCTV စနစ်များ တပ်ဆင်စောင့်ကြည့် စစ်ဆေးမှုအခြေအနေကိုလည်းကောင်း၊ မြန်မာနိုင်ငံသားများဘဏ် MCB မှ တာဝန်ရှိသူတစ်ဦးက စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအတွက် ဝန်ဆောင်မှုပေးအပ်နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


