တိုကျို အောက်တိုဘာ ၂

ဂျပန်နိုင်ငံ တိုကျိုမြို့တော်၌ ယာဉ်မောင်းအလုံအလောက်မရှိသည့်အတွက် ဘတ်စ်ကားဝန်ဆောင်မှုများကို အောက်တို ဘာ ၁ ရက်မှစ၍  လျှော့ချပြေးဆွဲလျက်ရှိ ကြောင်း သိရသည်။

ယာဉ်မောင်းရှားပါးမှုကြောင့် ဘတ်စ်ကားပြေးဆွဲမှုလျှော့ချခြင်းသည် ၂၀၀၂ ခုနှစ်မှစ၍  ပထမဆုံးဖြစ်သည်။   တိုကျိုမြို့တော်အစိုးရ၏ သယ်ယူပို့ဆောင်ရေးဗျူရိုက မြို့တော်ရှိ လမ်းကြောင်း ၁၉ ခုတွင်   တစ်ပတ်လျှင် ပြေးဆွဲမှုစုစုပေါင်း ၂၀၆ ခုကို ဖြတ်တောက်သည်။

ဝန်ဆောင်မှုများ လျှော့ချခြင်းသည် နေ့စဉ် ဘတ်စ်ကားအသုံးပြုသည့် ပြည်သူများအပေါ် အမှန်တကယ် အကျိုးသက်ရောက်နိုင်ဖွယ်ရှိကြောင်း ဘတ်စ်ကားမှတ်တိုင်တွင် စောင့်ဆိုင်းနေသည့် ခရီးသည်တစ်ဦးက  ပြောကြားသည်။

သယ်ယူပို့ဆောင်ရေးဗျူရိုက ယာဉ်မောင်းများ၏ အချိန်ဇယားကို စီစဉ်ရန် ခက်ခဲကြောင်းနှင့် အချိန်ဇယားများကို ပြောင်းလဲကာ ဝန်ဆောင်မှုများကို လျှော့ချခြင်းသည် ခက်ခဲသောဆုံးဖြတ်ချက်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဗျူရိုမှ အင်နိုဆိုင်ချီက ပြောကြားသည်။

ထို့ပြင် အရည်အချင်းပြည့်မီသည့် ယာဉ်မောင်းများကို ထိန်းသိမ်းထားရန်မှာ ခက်ခဲကြောင်း ၎င်းက ဆက်လက်ပြောသည်။ ဘတ်စ်ကားလမ်းကြောင်းများကို ဂရုတစိုက်စီမံခန့်ခွဲခြင်းဖြင့် ခရီးသည်များအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုးပမ်းလျက်ရှိကြောင်း သယ်ယူပို့ဆောင်ရေးဗျူရိုက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်