မကွေး  အောက်တိုဘာ ၂

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟို)အဆင့်သို့ သွားရောက် ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို (ဗဟို) အဆင့်တွင် တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပပြီး အနုပညာရှင် မျိုးဆက်သစ်များကို စနစ်တကျ ရွေးချယ်ဖော်ထုတ်ပေးခဲ့ကြောင်း၊ အနုပညာ အရည်အသွေး ပြည့်ဝစေရန် ပြိုင်ပွဲဝင်များအား သက်ဆိုင်ရာဘာသာရပ် နည်းပြများဖြင့် အနီးကပ်သင်ကြား လေ့ကျင့်ပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအနေဖြင့် ယခင်နှစ်ထက်သာလွန်သည့် အောင်မြင်မှုများနှင့် တိုင်းဒေသကြီးဂုဏ်ဆောင် ဆုတံဆိပ်များ ဆွတ်ခူးရရှိစေရေး ကြိုးစားယှဉ်ပြိုင်ကြစေရန် ရည်ရွယ်၍ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လိုက်ပါကြောင်းနှင့် ဗဟိုအဆင့် ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့က ဂုဏ်ပြုဆုများ ထိုက်တန်စွာ ထပ်မံ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းကိုယ်စားပြု ပြိုင်ပွဲဝင်များအား အောင်နိုင်ရေး အလံကိုပေးအပ်ရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ပြိုင်ပွဲဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၄၇ သိန်းကို ပေးအပ်ရာ အဖွဲ့အုပ်ချုပ်သူကလည်းကောင်း လက်ခံရယူကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (ဗဟို)အဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အဖွဲ့များ၏ ဝတ်စုံပြည့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူနည်းပြများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။     

မောင်ခိုင်မင်း(ပြန်/ဆက်)