အောက်တိုဘာ ၃

ဆစ်ဒနီအနောက်တောင်ပိုင်းတွင်  ယနေ့မွန်းလွဲပိုင်းက ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ဆယ်ကျော်သက်တစ်ဦး ဆေးရုံတင်ထားရကြောင်း သိရသည်။

ဆစ်ဒနီမြို့လယ်၏ အနောက်တောင်ဘက် ၁၈ ကီလိုမီတာအကွာ Bankstown ဆင်ခြေဖုံးတွင်   ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုနေရာသို့အရေးပေါ်လူနာတင်ယာဉ် ရောက်ရှိလာပြီး အမျိုးသားတစ်ဦးကို ကုသပေးခဲ့သော်လည်း ယင်းနေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ် ဒုတိယအမျိုးသားတစ်ဦးသည် ပြင်းထန်သော ဒဏ်ရာများဖြင့် နီးစပ်ရာဆေးရုံသို့ မပို့ဆောင်မီ ကုသမှုခံယူခဲ့ရသည်ဟု ဖော်ပြထားသည်။ ရဟတ်ယာဉ်ပျက်ကျချိန်က ထိုအမျိုးသားနှစ်ဦးစလုံး ရဟတ်ယာဉ်ပေါ်တွင်ပါရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် သယ်ယူပို့ဆောင်ရေးဘေးကင်းမှုဆိုင်ရာဗျိုရိုက စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို