စက်တင်ဘာ ၃
စပိန်နိုင်ငံတွင် နွေရာသီအားလပ်ရက်များဖြစ်သည့် ဇူလိုင်နှင့် သြဂုတ်လများအတွင်း နိုင်ငံခြားခရီးသွား ၂၂ ဒသမ ၃ သန်း လာရောက်လည်ပတ်မှု စံချိန်တင် မြင့်တက်ခဲ့ကြောင်း ယမန်နေ့က ဖော်ပြထားသည်။
ဩဂုတ်လက နိုင်ငံတကာခရီးသွား ၁၁ ဒသမ ၃ သန်း လာရောက်လည်ပတ်မှုရှိရာ ကမ္ဘာနိုင်ငံများတွင် ခရီးသွားများလာရောက်မှုဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်းနှင့် လာရောက်သူအများစုသည် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမန်အားလပ်ရက်များကြောင့်ဖြစ်ကြောင်း အမျိုးသားစာရင်းအင်းအင်စတီကျု့က ပြောကြားသည်။
ဩဂုတ်လအတွင်းခရီးသွားဝင်ရောက်မှုသည် ၂၀၂၄ ခုနှစ် အလားတူကာလခရီးသွားဝင်ရောက်မှုထက် ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဇူလိုင်လက နိုင်ငံခြားခရီးသွား ၁၁ သန်း ဝင်ရောက်မှုရှိရာ ယခင်နှစ်ကခရီးသွားဝင်ရောက်မှုထက် ၁ ဒသမ ၆ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်ဟု သိရသည်။
နှစ်လတာအတွင်း နိုင်ငံခြားခရီးသွား ၂၂ ဒသမ ၃ သန်းဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်က ၂၁ ဒသမ ၈ သန်း စံချိန်တင်ဝင်ရောက်ခဲ့သည်။
၂၀၂၅ ခုနှစ် ပထမ ရှစ်လအတွင်း နိုင်ငံခြားခရီးသွား ၆၆ ဒသမ ၈ သန်းနီးပါး လာရောက်လည်ပတ်ခဲ့သည်ဟု အင်စတီကျုက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


