တိုကျို  အောက်တိုဘာ  ၂

တိုကျိုအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ အိုင်စပေ့စ်သည်  ၂၀၂၈ ခုနှစ်တွင် လွှတ်တင်ရန် မျှော်မှန်းထားသည့် ၎င်း၏ တည်ဆောက်ဆဲ လဆင်းယာဉ်အသစ်ကို ထုတ်ဖော်ပြသခဲ့သည်။

ဇွန်လက ကုမ္ပဏီသည် ၎င်း၏လဆင်းယာဉ်ဖြင့် လမျက်နှာပြင်ပေါ် ဆင်းသက်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေ။ ယခုအခါ  ကုမ္ပဏီသည် လဆင်းယာဉ်ကို   အောင်မြင်စွာတီထွင်ပြုလုပ်နိုင်သည့်   ပထမဆုံး ပုဂ္ဂလိက ဂျပန်ကုမ္ပဏီဖြစ်လာရန် ရည်ရွယ်ကြိုးစားလျက်ရှိသည်။

ကုမ္ပဏီသည် ၎င်း၏တည်ဆောက်ဆဲလဆင်းယာဉ်ကို အောက်တိုဘာ  ၂ ရက်တွင်  မီဒီယာသို့   ပြသခဲ့သည်။  ယင်းလဆင်းယာဉ်သည် အမြင့် ၃ ဒသမ ၆ မီတာရှိပြီး အနံ ၃ ဒသမ ၃ မီတာရှိသည်။

လပေါ်သို့ ပို့ဆောင်ရေးဝန်ဆောင်မှုစတင်နိုင်ရန် မျှော်မှန်းချက်ဖြင့် တည်ဆောက်နေသည့် အဆိုပါ ယာဉ်သည် အများဆုံးအလေးချိန် ကီလိုဂရမ် ရာဂဏန်းအထိ သယ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ရသည်။

အဆိုပါစီမံကိန်းသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ယမ်း ၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ  ၈၁ ဒသမ ၆ သန်း) လက်ခံရရှိမည်ဖြစ်သည်။ တုန်ခါမှုနှင့် အခြားသော ပတ်ဝန်းကျင်ဆိုင်ရာ စမ်းသပ်မှုများပြုလုပ်ပြီး  ဒီဇိုင်းများကို   ပိုမိုကောင်းမွန်စေပြီးနောက် ကုမ္ပဏီသည် ဒုံးပျံပေါ်တွင်တပ်ဆင်ရန် အာကာသယာဉ်ကို  စတင်တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

လွန်ခဲ့သောနှစ်က အမေရိကန်အာကာသဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီသည် လဆင်းယာဉ်ကို လပေါ်သို့  ဆင်းသက်စေနိုင်ခဲ့သည့် ပထမဆုံးပုဂ္ဂလိက ကုမ္ပဏီဖြစ်လာခဲ့သည်။ ထို့ပြင် လွန်ခဲ့သော မတ်လကလည်း အခြားသော အမေရိကန်ကုမ္ပဏီတစ်ခုသည် လပေါ်သို့ လဆင်းယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ 

အိုင်စပေ့စ်တည်ထောင်သူနှင့်  အမှုဆောင်အရာရှိချုပ်(စီအီးအို) ဟာကာမာဒါတာကီရှီက ၎င်း၏ ကုမ္ပဏီသည် လကမ္ဘာသို့ လဆင်းယာဉ် ဆင်းသက်စေနိုင်တော့မည့် အမေရိကန်ပြင်ပတွင်ရှိသည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်လာတော့မည်ဖြစ်ကြောင်း ပြောသည်။

လကမ္ဘာပေါ်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ဂျပန်နိုင်ငံတည်ရှိမှုကို ပြသရန်ရည်ရွယ်ချက်ဖြင့် လဆင်းယာဉ်အသစ်ကို အပြီးသတ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စီအီးအိုက ဖြည့်စွက်ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ