နတ်တလင်း အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာဆွေးနွေးပွဲကို အောက်တိုဘာ ၁ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး နတ်တလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မြင့်ထွေးက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး ဆောင်ရွက်မည့် အစီအစဉ်များ၊ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် ထုတ်ပေးမှု အခြေအနေများ၊ ပြည်ပပို့ကုန်သီးနှံများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှု သုံးသပ်ချက်များ၊ စိုက်ပျိုးမြေ/ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရင်းများ၊ စိုက်ပျိုးနည်းပညာပေးခြင်းနှင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေက ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။    

ဝေယံဖြိုး(ပြန်/ဆက်)