နေပြည်တော် အောက်တိုဘာ ၃
ကာဇက်စတန်သမ္မတနိုင်ငံအက်စ်တာနာမြို့၌ အောက်တိုဘာ ၁ ရက်မှ ၄ ရက်အထိကျင်းပသော ပထမအကြိမ် ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အစည်းအဝေးနှင့် ဆဋ္ဌမအကြိမ်မြောက် ဒစ်ဂျစ်တယ်ပေါင်းကူးတံတား ထူထောင်ရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (၂၀၂၅) သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ပါဝင်တက်ရောက်သည်။
အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အစည်းအဝေး (Council for the Development of Artificial Intelligence)ကို အက်စ်တာနာမြို့ EXPO Interna-tional Exhibition Center ၌ကျင်းပရာ ကာဇက်စတန်သမ္မတနိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ ကောင်စီအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့်အတူ ဉာဏ်ရည်တုနည်းပညာနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr.Zhaslan Madlyev ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ နိုင်ငံတကာမှဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပညာရှင်များ၊ နည်းပညာဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အက်စ်တာနာမြို့ရှိ Astana Hub ၌ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် ဒစ်ဂျစ်တယ်ပေါင်းကူးတံတားထူထောင်ရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်(VI International Forum “Digital Bridge 2025”: Generative Nation) ဖွင့်ပွဲသို့ တက်ရောက်သည်။
အဆိုပါဖိုရမ်သို့ ကာဇက်စတန်သမ္မတနိုင်ငံသမ္မတ H.E. Mr.Kassym-Jomart Tokayev ၊ ဟန်ဂေရီနိုင်ငံသမ္မတ H.E. Mr.Tamas Sulyok ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ Telegram တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Mr.Pavel Durov၊ နိုင်ငံတကာမှဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပညာရှင်များ၊ နည်းပညာဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဖိုရမ်ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသူများနှင့်အတူ ခင်းကျင်းပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကာဇက်စတန်သမ္မတနိုင်ငံ ဉာဏ်ရည်တုနည်းပညာနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Kanysh Tuleushin နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
ဖိုရမ်တွင် ကာဇက်စတန်သမ္မတနိုင်ငံကို ဥရောပနှင့်အာရှအကြားဆက်သွယ်ပေးသည့် နည်းပညာဆိုင်ရာ အချက်အချာကျသော နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲဆောင်ရွက်ရန် ရည်ရွယ်ပြီး ဖိုရမ်အတွင်းကမ္ဘာ့ခေါင်းဆောင်များ၊ နည်းပညာတီထွင်ဖန်တီးသူများနှင့် ရင်းနှီးမြှုပ်နှံသူများသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ ဉာဏ်ရည်တုနည်းပညာ နယ်ပယ်တွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ကြကြောင်း သိရသည်။
သတင်းစဉ်


