နေပြည်တော် အောက်တိုဘာ ၃
ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်သို့ ရောက်ရှိပြီး ဘာသာရပ်ဆိုင်ရာလှုပ်ရှားမှုများနှင့် ပညာရပ်ဆိုင်ရာပိုစတာများကို ကြည့်ရှုသည်။
ထို့နောက် အဝေးသင် (သိပ္ပံတွဲ) သင်တန်းကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် တွေ့ဆုံ၍ မန္တလေးတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ ၁၅၀၀ ကျော်ရှိရာတွင် ပါရဂူတက်ရောက်သူ ၇၀၀ ကျော်ရှိသည့်အတွက် သုတေသနအခြေပြုတက္ကသိုလ်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ရတနာပုံတက္ကသိုလ်အနေဖြင့် သင်ကြားရေးအခြေပြု တက္ကသိုလ်ဖြစ်သည်ကို ကျောင်းသား ကျောင်းသူအင်အား ကြည့်ခြင်းဖြင့်သိရှိရကြောင်း၊ ရတနာပုံတက္ကသိုလ်တွင် နေ့သင်တန်း ကျောင်းသား ကျောင်းသူဦးရေ ငါးထောင်ကျော်ရှိပြီး အဝေးသင်ကျောင်းသား ကျောင်းသူ သုံးသောင်းကျော်ရှိ သည်ကို တွေ့ရှိရကြောင်း၊ သင်ကြားရေးအပေါ်တွင် အခြေပြုသည့် တက္ကသိုလ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်လိုအပ်ကြောင်း။
ဆရာ ဆရာမများကိုယ်တိုင် စာကြည့်တိုက်သို့ သွားရောက်၍ ပရောဂျက်ခေါင်းစဉ်များ ချပေးရန်လိုအပ်ကြောင်း၊ ယနေ့အချိန် ကာလတွင် ကျောင်းသား ကျောင်းသူများသည် နေ့သင်တန်းများထက် အဝေးသင်ကို ပိုမိုရွေးချယ်တက်ရောက်လျက်ရှိကြကြောင်း၊ အဝေးသင်ပညာရေးစနစ်သည် ပုံစံအမျိုးမျိုးရှိသည့်အတွက် အဝေးသင်ရှိသည့် ကျောင်းများမှ ပါမောက္ခချုပ် ဆရာ ဆရာမကြီး များနှင့် အစည်းအဝေးကျင်းပပြီး အဝေးသင်ပညာရေးစနစ် ပိုမိုအကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများသည် ဝတ်စားရာတွင် မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးပြီး ရိုးရာယဉ်ကျေးမှုနှင့်အညီ တန်ဖိုးထားဝတ်စား ဆင်ယင်ကြစေရေး ကြပ်မတ်ပေး ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မန္တလေး တက္ကသိုလ်သို့ ရောက်ရှိပြီး မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား အစမ်းလေ့ကျင့်နေမှုများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


