ရန်ကုန် အောက်တိုဘာ ၃
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်လုပွဲ တစ်ဦးချင်းပြိုင်ပွဲများအပြီးတွင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲတွင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ လှူဒါန်းပေးခဲ့သော အလှူရှင်များအား အမှတ်တရဂုဏ်ပြု (Trophy) များကို အဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့က ပေးအပ်သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက (၉) ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ကချင်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း တို့ကို လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌက စတုတ္ထဆုရရှိသော ရှမ်းပြည်နယ်အသင်းနှင့် ပဉ္စမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက (၃) ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပူးတွဲပထမဆုရရှိသော ကချင်ပြည်နယ်အသင်း၊ တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ စတုတ္ထဆုရရှိသော ကရင်ပြည်နယ်အသင်းနှင့် ပဉ္စမဆုရရှိသော မွန်ပြည်နယ်အသင်းတို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးဗိုလ်ဌေးက တစ်ဦးချင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဇန်ဝါအောင် (မန္တလေးတိုင်းဒေသကြီး)၊ တတိယဆုရရှိ သော နန်းဇီဇဝါမြဦး (ကရင်ပြည်နယ်)၊ စတုတ္ထဆုရရှိသော လဂွေယော်နမ် (ကချင်ပြည်နယ်)၊ ပဉ္စမဆုရရှိသော ဝင်းသော်တာအောင်(နေပြည်တော်) တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော သွန်းသရဝဏ် (ရန်ကုန်တိုင်းဒေသကြီး) ကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလား ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရာတွင် ပါဝင်မည့် အုပ်ချုပ်မှုဆိုင်ရာ ရုံးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကြိုတင်ဆောင်ရွက်ရမည့် လိုအပ်သည်များကို မှာကြားကာ ဒုတိယ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပဏာမလက်ရွေးစင် အားကစားသမားများထားရှိရာ လေးထပ်အိပ်ဆောင်ရှိ စားရိပ်သာသို့ရောက်ရှိကာ စားရိပ်သာ၌ ကျွေးမွေးနေမှုများ၊ သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားရှိမှုများ၊ ချက်ပြုတ်ဆောင်နှင့် စတိုခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


