နေပြည်တော် အောက်တိုဘာ ၃
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေးအတွက် ကွင်းဆင်းဆောင် ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် တာဆန်းကျေးရွာသို့ သွားရောက်ကာ ကျေးရွာမှဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ရွာသူ ရွာသားများနှင့် တွေ့ဆုံသည်။
ညှိနှိုင်းဆောင်ရွက်
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တာဆန်းကျေးရွာရှိ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသအာဏာပိုင်များ၊ လုပ်ငန်းရှင်များနှင့် ဒေသခံများအားလုံး ဝိုင်းဝန်းပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး စသည်တို့ အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာဆန်းကျေးရွာ မူလတန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူ ကလေးငယ်များ ပညာသင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ကျေးရွာဆေးပေးခန်းနှင့် သားဖွားခန်းသို့ သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးနှင့် ပတ်သက်သည့် ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဆန်းတံတားအဟောင်းနှင့် အသစ် တည်ဆောက်လျက်ရှိသော သံလွင်တံတား (တာဆန်း) တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ သံလွင်တံတား (တာဆန်း) သည် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ ဆက်သွယ်ထားပြီး နယ်စပ်မြို့များကို အဓိကဆက်သွယ်သွားလာနိုင်သည့်အတွက် ပြည်တွင်း ခရီးသွားလုပ်ငန်းသာမက နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အပံ့ဖြစ်စေကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် နားကျိုင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဘုန်းတော်ကြီးကျောင်း အမြန်ဆုံးပြန်လည် တည်ဆောက်ပြုပြင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မိုင်းပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


