ကမ္ဘာပေါ်ရှိ ဆရာ၊ ဆရာမများကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ ဆရာများနေ့(World Teachers' Day) ကို နှစ်စဉ် အောက်တိုဘာလ ၅ ရက်သို့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလျက် ရှိကြသည်။ ပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘဝခရီးအတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ နိုင်ငံအတွက် အရေးကြီးသည်။ သို့ဖြစ်ရာ ကမ္ဘာတစ်ဝန်းတွင် ပညာသင်ကြားခြင်းအလုပ်ဖြင့် အသက်မွေး လုပ်ကိုင်နေကြသည့် ဆရာ၊ ဆရာမများ၏ အရေးကြီးသည့် အခန်းကဏ္ဍကို အသိအမှတ်ပြုရန် လိုအပ်သကဲ့သို့ ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ အဆင့်အတန်းကိုလည်း အလေး အနက် ဂုဏ်ပြုကြရန် လိုသည်။
၁၉၆၆ ခုနှစ်တွင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့ချုပ် (UNESCO) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO) တို့က ဆရာများ၏ ဂုဏ်သိက္ခာဆိုင်ရာ ထောက်ခံ ချက် (Recommendation Concerning the Status of Teachers) ကို ရေးဆွဲပြုစုခဲ့ကြပြီး ထိုနှစ် အောက်တိုဘာ ၅ ရက်တွင် အစိုးရများ၊ အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေး ကြသည့် အထူးညီလာခံကြီးတစ်ခုကို ကျင်းပ၍ အတည်ပြု ပြဋ္ဌာန်းခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများအတွက် သမိုင်းဝင်ဖြစ်သည့် ထိုနေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ကာ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှစတင် ၍ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလာခဲ့ကြခြင်း ဖြစ်သည်။
မိမိတို့နိုင်ငံသည် စာတတ်မြောက်မှု ရာခိုင်နှုန်းမြင့်မားသော်လည်း ပညာရေးပိုင်းတွင် အားနည်း ချက်များရှိနေရာ နိုင်ငံ့အနာဂတ်အတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆရာ၊ ဆရာမတို့က လွန်စွာအရေးကြီးသည့် ကဏ္ဍတွင်ရှိနေသည်။ အခြေခံ ပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့တွင် အကြောင်းအမျိုးမျိုးတို့ဖြင့် ကျောင်းထွက် သွားခဲ့ကြသဖြင့် အဆင့်မြင့်ပညာပြီးဆုံးသူ၊ တတ်မြောက်သူ နည်းပါးလျက်ရှိသည်။ တစ်နိုင်ငံလုံးတွင် ဘွဲ့ရသူသုံးသန်းခန့်သာ ရှိသည်။ ပညာသင်ယူမှုပြီးဆုံးသည့်အရွယ်ဖြစ်သော အသက် ၂၅ နှစ်အထက် လူဦးရေ ၂၅ ဒသမ ၁၇ သန်းခန့်ရှိရာတွင် အများစု (၇၀ ရာခိုင်နှုန်းခန့်)က မူလတန်း၊ အလယ်တန်း အဆင့်မျှသာ တတ်မြောက်ကြသည်။ ဘွဲ့ရ၊ နည်းပညာ၊ အသက်မွေးပညာ သင်တန်းကျောင်းနှင့် ဒီပလိုမာပြီးမြောက်သူမှာ တစ်နိုင်ငံလုံးတွင် ၁၃ ရာခိုင်နှုန်းခန့်သာရှိသည်ဟုဆိုသည်။ သို့ဖြစ်သည့်အလျောက် နိုင်ငံတော်အစိုးရက အခြေခံပညာအဆင့်တွင် KG+9 အထိ မသင် မနေရ စနစ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး အသက်မွေး ဝမ်းကျောင်းပညာများ တတ်မြောက်နိုင်ရေးအတွက် စက်မှု လက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာများသင်ကြားနိုင်မည့် အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
“ပညာတတ်နိုင်ငံသားများ အများဆုံးရှိနေသည့် နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံး နိုင်ငံကြီးများအဖြစ် ရပ်တည်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြမည်ဖြစ်ကြောင်း၊ “ပညာတတ်” နိုင်ငံသားများဆိုသည်မှာ “အရည်အချင်း”ကို ဆိုလိုပြီး “အများဆုံး”ရှိသည်ဆိုသည်မှာ “အရေအတွက်”ကို ဆိုလိုကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသည်လည်း အရည်အချင်းရှိသည့် ပညာတတ်များ အရေအတွက်အများကြီးရှိသည့် နိုင်ငံဖြစ်လာရန် လိုအပ်သည်မှာ ပေါ်လွင် ထင်ရှားနေကြောင်း” ယမန်နှစ်ကကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ဖွင့်ပွဲ မိန့်ခွန်းတွင် နိုင်ငံတော်အကြီးအကဲက ထည့်သွင်းပြောကြားခဲ့ရာ ပညာတတ်နိုင်ငံသား အများအပြား ပေါ်ထွန်းလာစေရေး တာဝန်သည် ဆရာ ဆရာမတို့အပေါ်တွင် ကျရောက် လျက်ရှိသည့် တာဝန်ဖြစ်သည်။
ပညာသည် အမိုက်မှောင်ကို ဖယ်ရှားပေးနိုင်ပြီး လမ်းမှန်ကို ပြပေးနိုင်သည့် အလင်းရောင်နှင့်တူသည်။ ပညာတတ်သူသည် မသိခြင်းဟူသော မောဟအမှောင်မှ လွတ်ကင်းကာ ဘဝခရီးလမ်းကို မှန်ကန်စွာ လျှောက်လှမ်းနိုင်သည်။ ပညာအရည်အသွေး မြင့်မားသူသည် ဘဝကိုမြင့်မားအောင် ဖန်တီးနိုင်ကြရာ ပညာတတ်များ ဖြစ်လာအောင် ပုံဖော်ထုဆစ်ကြရသူများမှာ ဆရာဆရာမများဖြစ်ကြသည်။ မြန်မာ့ယဉ်ကျေးမှုတွင် ဆရာဆရာမတို့သည် အနန္တဂိုဏ်းဝင်များအဖြစ် အလေးအမြတ်ပြုမှုကို ခံယူကြရသူများဖြစ်ရာ နိုင်ငံတော်၏ အနာဂတ်တွင် အားကိုးအားထားပြုရမည့် လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်ရေး တာဝန်ကို ကျေပွန်နိုင်ကြပါစေကြောင်း။


