ခင်သန်းမြင့်
ကျွန်မတို့အိမ်ရှင်မတွေအဖို့ နံနက်မိုးသောက် အလင်းရောက်ရင် ဈေးခြင်းတောင်းဆွဲပြီး ဈေးဝယ် ထွက်ရတဲ့ကိစ္စက နိစ္စဓူဝအလုပ်တစ်ခုလို့ဆိုရမယ်။ ပြီးတော့ဈေးဆိုတာကလည်း စောစော အဝယ်ထွက်မှ။ ဈေးပေါင်ကျိုးချိန်ရောက်မှ ဈေးရောက်ရင်တော့ သူများမကြိုက်လို့ ချန်ရစ်ထားခဲ့တဲ့ ရွေးကျန်တွေပဲရမယ်။
ကျွန်မကတော့ ဈေးရောက်ရင် ပထမဦးဆုံး ဦးတည်ရာက ဘုရားပန်းကပ်ဖို့ ပန်းဆိုင်ကိုပဲ။ မြတ်ဘုရားကို မွန်မွန်မြတ်မြတ် ဘုရားပန်းကပ်လှူဖို့အတွက် ကောင်းပေ့၊ လှပေ့ ပန်းမန်တွေ ဦးဦး ဖျားဖျားရဖို့ ဈေးသည်ဈေးဗန်းစခင်းတဲ့အချိန်မျိုးကိုမှန်းပြီး ရောက်အောင်သွားတယ်။ ဒါတောင် ကိုယ့်လိုလူစားက အများသားလို့ဆိုရလောက်အောင် ပန်းဆိုင်ရောက်ရင် အိမ်ရှင်မ သုံး၊ လေး၊ ငါးဦးက တော့ ကြိုရောက်နေတာပါပဲ။ ပန်းစည်းတွေထဲက ပန်းအချို့က မူလက ကိုယ်နှစ်သက်သလိုလို လှနေ သယောင်ယောင်နဲ့ ကိုယ့်လက်ထဲလည်းရောက်ရော သူများလက်ထဲကရွေးထားတဲ့ပန်းစည်းကပဲ ပိုလှ နေသလိုလို ဖြစ်ပြန်ရော။ လူ့စိတ်များ ခက်သားလားနော်။ နောက်ဆုံးပန်းဆိုင်က ပန်းဝယ်ပြီး ပြန်ထွက် လာတဲ့အထိ စိတ်ထဲမှာ မတင်မကျ၊ ဒွိဟ။ အိမ်ရောက်လို့ ဘုရားကို ပန်းဆက်ကပ်လှူဒါန်းမှပဲ ဘုရားပန်းအိုးထဲ ပန်းလေးတွေကြည့်ပြီး ငါရွေးလာတဲ့ပန်းလေးတွေ လှသားပဲလို့ စိတ်ထဲ ဘဝင်ကျတော့တယ်။
နေ့စဉ်ဟင်းလျာ ချက်ပြုတ်စားသောက်ဖို့ သားငါးတန်းရောက်ရင်လည်း အခြားအိမ်ရှင်မတွေ နဲ့အပြိုင် တိုးဝှေ့ရွေးရတာပါပဲ။ မရွေးလို့လည်း မရဘူး။ ကိုယ်လက်နှေးရင် သူတို့ရွေးကျန်၊ ရွေးကျတွေပဲ ကျန်ခဲ့တာ။ နောက်ပြီး ဈေးသည်ကိုလည်း ယုံမှတ်လို့ ပုံအပ်လို့လည်းမဖြစ်ပြန်။ တစ်နေ့က အခါကြီး ရက်ကြီး ဘုန်းကြီးဆွမ်းချိုင့် ဆက်ကပ်လှူဒါန်းဖို့အတွက် ပုစွန်တုပ်လေး နှစ်ဆယ်သားဝယ်တာ လက်က ဘုရားပန်းကအစ ဝယ်ခြမ်းထားတာတွေနဲ့ လက်မအားလို့၊ တိုးဝှေ့မဝယ်အားလို့ ဈေးသည်ကိုပဲ ရွေးထည့်ခိုင်းလိုက်တော့ ပုစွန်တုပ်က ပုစွန်ဆိတ်၊ ပုစွန်ကျော့သာသာတွေပဲ ထည့်ပေးလိုက်တယ်။ ကိုယ့်မိသားစုစားဖို့ပဲဆိုရင်တော့ မထောင်း သာလှပါဘူး။ သို့ပေမယ့် ရဟန်း သံဃာတော်တွေအတွက်ဆိုတော့ နည်းရင်လည်းနည်းပါစေ၊ အကောင်ကြီးကြီးလေး ကပ်လှူ ချင်ခဲ့တာ။
ဆိုတော့ကာ အိမ်ရှင်မလက်သစ်တွေအတွက် ဈေးဝယ်ထွက်နည်းနိဿရည်းကို အကျဉ်းချုံးတင်ပြ ရရင်တော့ ဈေးသွားရင် စောစောသွားပါ။ အခြားအိမ်ရှင်မတွေနဲ့အပြိုင် စိတ်ကြိုက်ရွေးပါ။“ဒါကောင်း တယ်၊ ဒါလေးယူပါလား”လို့ ဈေးသည်ပြောတိုင်း မျက်စိမှိတ်မယူနဲ့။ ကိုယ့်အတွေ့အကြုံအရ ကိုယ် အသုံးတည့်မယ့်၊ ကြာရှည်သုံးစွဲလို့ရမယ့် ကုန်ပစ္စည်းမျိုး၊ သန့်ရှင်းလတ်ဆတ်တဲ့ သားငါးမျိုး သေချာရွေးချယ် ဝယ်ယူကြ။ ကိုယ်ရဲ့နမော်နမဲ့ ရွေးချယ်ဝယ်ယူမှုကြောင့် အိမ်ရောက်မှ တာရှည် လည်းမခံ၊ အသုံးလည်းမတည့်တာမျိုး ကြုံတွေ့လာ ရင်တော့ ကိုယ့်ထိုက်ကိုယ့်ကံ၊ ကိုယ်နဲ့ထိုက်တာ ကိုယ်ရတာလို့ပဲ ဆိုရမှာပေါ့။
ရွေးကောက်ပွဲအကြောင်း အတွေးရောက်သွား
ဒီနေ့တော့ ဈေးကအပြန် လမ်းလျှောက်ရင်း စိတ်ကလာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်နေ့ မှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြောင်း အတွေးရောက်သွားတယ်။ တကယ်တော့ ကိုယ်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေးပြီးရွေးချယ်တဲ့ ရွေးကောက်ပွဲဆိုတာကလည်း ကျွန်မတို့ အိမ်ရှင်မတွေ ဈေးထဲမှာကောင်းနိုးရာရာ ရွေးချယ်ဝယ်ယူရတဲ့အလုပ်နဲ့ အတူတူပါပဲလား။ ကိုယ့် မဲဆန္ဒနယ်နဲ့ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအကျိုးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြမယ့် ကိုယ်စား လှယ်လောင်းလျာတွေကို ဈေးထဲက ဟင်းရွက်၊ ကန်စွန်းရွက် ရွေးချယ်ဝယ်ယူတာမျိုးနဲ့ မနှိုင်းအပ် ပေမယ့် သဘောသဘာဝအရကတော့ သိပ်မကွာ ခြားလှဘူးလို့ ကျွန်မထင်မြင်ယူဆမိတယ်။
ကျွန်မတို့အိမ်ရှင်မတွေက ကိုယ်နဲ့အသုံးတည့်မယ့်ကုန်ပစ္စည်း၊ ကိုယ်ပေးရတာနဲ့ ထိုက်တန်တဲ့ ကုန်ပစ္စည်း အရည်အသွေး၊ ပစ္စည်းမှန် ဈေးနှုန်းမှန်တဲ့ ကုန်ပစ္စည်း၊ အပြစ်အနာအဆာကင်းတဲ့ ကုန်ပစ္စည်း စတဲ့ကောင်းမွန်သင့်တော်တဲ့ ကုန်ပစ္စည်းတွေကို ကုန်ပစ္စည်းများစွာထဲက ရွေးချယ် ဝယ်ယူသုံးစွဲကြရသလို မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်း ကိုယ့် မဲဆန္ဒနယ်၊ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ အကျိုးစီးပွားကို တော်တည့် မှန်ကန်ဖြောင့်မတ်စွာ အကျိုးဆောင်မယ့်၊ ထမ်းရွက်မယ့်၊ ကြိုးပမ်းအကောင်အထည်ဖော်မယ့် ကိုယ်စားလှယ်ကို ရွေးချယ် တင်မြှောက်ကြရတာပါပဲ။
တစ်ခုတော့ရှိတာပေါ့။ ကိုယ့်မဲဆန္ဒနယ်၊ ကိုယ့် မြို့ ကိုယ့်ရွာ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ အရေးအရာကိစ္စ တွေကို ဆောင်ရွက်မယ့် လွှတ်တော်ကိုယ်စားလှယ် တော်ကြီးတွေကို ရွေးချယ်ဆန္ဒမဲပေးရတာကတော့ တာဝန်ပိုကြီးတာပေါ့။ ဈေးဝယ်သလို မကြိုက်လို့ ရော့ အင့် ဆိုပြီး စွန့်ပစ်လို့မှမရတာ။ လွှတ်တော် သက်တမ်း၊ ရွေးကောက်ပွဲကာလတစ်ခုအထိ အကျုံးဝင်နေတာကိုး။ ဒါကြောင့်မို့ အိမ်ရှင်မတွေ ဈေးဝယ်ထွက်တာထက်ပိုပြီး ဇီဇာကြောင်မှ၊ ချီတုံ ချတုံ စဉ်းစားနိုင်မှ၊ စိစစ်နိုင်မှ၊ ရွေးနိုင်မှ တော်ကာ ကျမှာဖြစ်ပါတယ်။
ကနဦးအားဖြင့် ကိုယ်ရွေးချယ်မယ့် လွှတ်တော်ကိုယ်စားလှယ်က ကိုယ့်မဲဆန္ဒနယ်က မဲဆန္ဒရှင် ပြည်သူလူထုရဲ့ နစ်နာမှုတွေ၊ အကျိုးစီးပွားတွေကို သက်ဆိုင်ရာ လွှတ်တော်မှာ အမှန်တကယ်တင်ပြ ဆွေးနွေးနိုင်မယ့် လူစားလားဆိုတာ စိစစ်ဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတွေမှာ ဆိုရင် လွှတ်တော်သက်တမ်း တစ်ခုသာပြီးရော ကိုယ့် မဲဆန္ဒနယ်အတွက် မေးခွန်းတစ်ခု၊ အဆိုတစ်ခု တောင် မမေးမြန်း၊ မတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ် အချို့တောင် ရှိခဲ့တယ်လေ။
ဒါ့အပြင် မိမိတို့ရွေးချယ်တင်မြှောက်မယ့် ကိုယ်စားလှယ်တွေဟာ ပဋိပက္ခဝါဒီလား ၊ ကိုယ်ကျိုးရှာ အတ္တဝါဒီလား၊ အမြင်ကျဉ်းမြောင်းသူလား၊ နိုင်ငံခြားဩဇာခံလား၊ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်နေ သူလား၊ ပညာရေးအားနည်းသူလား၊ ဆင်ခြင်တုံ တရား နည်းပါးသူလား၊ တွေးခေါ်မြော်မြင်မှု နည်းပါးသူလား စသဖြင့် အဘက်ဘက်က စိစစ်နိုင်ကာမှ တော်ကာကျပါလိမ့်မယ်။
လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ဖို့ဖြစ်
ဒီမိုကရေစီစနစ်မှာ အထွေထွေရွေးကောက်ပွဲဟာ အရေးကြီးပါတယ်။ ရွေးကောက်ပွဲ ကျင်းပခြင်း ဟာ လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ဖို့ဖြစ်ပြီး လွှတ်တော်ကတစ်ဆင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ သမ္မတက တာဝန်ပေးအပ်တဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေကို တာဝန်ပေးအပ်နိုင်ဖို့ဖြစ်တဲ့အတွက် မဲဆန္ဒရှင် ပြည်သူတွေရဲ့ ရွေးချယ်မှုဟာ တစ်နည်းအားဖြင့် နိုင်ငံတော်ရဲ့ကံကြမ္မာလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံ့အနာဂတ်ကံကြမ္မာကို မိမိတို့လတ်တလော ဉာဏ်ပညာနဲ့ ဦးဆောင်ပြီး ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိဆိုတဲ့ အဂတိတရား ကင်းကင်းနဲ့ နိုင်ငံရဲ့အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန် တကယ် ဖော်ဆောင်ပေးနိုင်သူ၊ ပြည်ထောင်စုမပြိုကွဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး (၃)ပါးကို အမှန်တကယ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်သူ၊ နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မယ့်သူတွေကို ရွေးချယ်ဆန္ဒမဲပေး ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။
အမည်စာရင်း တင်သွင်းခဲ့ကြ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေး ပါတီ ၅၇ ပါတီနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စား လှယ်လောင်း စုစုပေါင်း ၄၉၆၃ ဦးက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးမှာ အမည်စာရင်း တင်သွင်းခဲ့ကြတယ်လို့ဆိုတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းပေါင်း ၁၀၁၈ ဦး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီက ၆၉၄ ဦး၊ ပြည်သူ့ ရှေ့ဆောင်ပါတီက ၆၇၂ ဦး၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄၂၈ ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီက ၅၈၄ ဦး၊ ပြည်သူ့ပါတီက ၅၁၂ ဦး စတဲ့နိုင်ငံ ရေးပါတီ ခြောက်ပါတီက ပြည်ထောင်စုတစ်ဝန်းလုံး မှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အမည်စာရင်းတင်သွင်းထား ပြီး တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ နိုင်ငံရေးပါတီ ၅၁ ပါတီက ကိုယ်စား လှယ်လောင်း ၉၆၀ နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း စုစုပေါင်း ၉၅ ဦးတို့က အမည်စာရင်း တင်သွင်းထားကြောင်း သိရပါတယ်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကလည်း လာမယ့်ရွေးကောက် ပွဲကို “တရားမျှတတဲ့ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ဖို့ရည်မှန်းထားတယ်”လို့ ဆိုပါတယ်။
ဒါကြောင့် ကျွန်မတို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်း လာမယ့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေကို မပျက်မကွက် ဆန္ဒမဲပေးရွေးကောက်တင်မြှောက် ခြင်းဖြင့် နိုင်ငံသားတစ်ဦးရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။
မိမိရဲ့ဒီမိုကရေစီအခွင့်အရေး၊ ဒီမိုကရေစီရပိုင် ခွင့်ဖြစ်တဲ့ အသည်းကြားက မဲတစ်ပြား မဆုံးရှုံးစေဖို့ အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မိမိအမည်မဲစာရင်းပါ/မပါ၊ ပြည့်စုံမှန်ကန်မှုရှိ/မရှိ ကနဦး သွားရောက် ကြည့်ရှုစစ်ဆေးကြဖို့လိုပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပ မယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း များကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တို ဘာလ ၁၃ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေမှာ ပထမ အကြိမ်အဖြစ် ကပ်ထားကြေညာပေးထားပါတယ်။ နိုဝင်ဘာလထဲမှာ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ ကပ်ထားကြေညာပေးမယ်လို့လည်း ဆိုပါတယ်။
မဲစာရင်းကြည့်ပြီးရင် ကျွန်မတို့ရွေးချယ်ကြတာပေါ့။ ဈေးဝယ်တာပဲဖြစ်ဖြစ်၊ မဲဆန္ဒပေး ရွေးချယ်တာပဲဖြစ်ဖြစ် ကောင်းတာကိုလိုချင်တဲ့ သဘောသဘာဝချင်းကတော့ အတူတူပါပဲ။ ဈေးဝယ်ရင်း ရွေးချယ်တာက ကျွန်မတို့မိသားစု တစ်နပ်စာအတွက်၊ မဲဆန္ဒပေးပြီး ရွေးချယ်တာက နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ဂုဏ်သိက္ခာအတွက်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက်၊ ငြိမ်းချမ်းသာယာဝပြောတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို ဖော်ဆောင်နိုင်ဖို့အတွက်၊ ကျွန်မတို့ သားစဉ်မြေးဆက် မျိုးဆက်သစ်များအတွက်။
ဘာပဲဖြစ်ဖြစ် ကျွန်မတို့အဖို့ ရွေးနိုင်မှ တော်ကာကျမယ်လေ။ ။


