ဂါဇာစီးတီး အောက်တိုဘာ ၄
အစ္စရေးဓားစာခံအားလုံးကို ပြန်လွှတ်ပေးရေးပါဝင်သည့် အမေရိကန်အဆိုပြုသော သဘောတူညီချက်နှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးရန် ဟားမတ်စ်အဖွဲ့က ယနေ့ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် စေ့စပ်ညှိနှိုင်းရေး ပြုလုပ်ရန် အဆင်သင့်ဖြစ်လျက်ရှိကြောင်းလည်း ၎င်းတို့က ပြောကြားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ချမှတ်ထားသည့် ငြိမ်းချမ်းရေးအစီအစဉ်နှင့်ပတ်သက်ပြီး ဟားမတ်စ်က စေ့စပ်ညှိနှိုင်းပေးသည့် နိုင်ငံများထံ ၎င်းတို့၏ ထင်မြင်ချက်များကို တင်ပြထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ရန်လိုမှုများအဆုံးသတ်ကာ ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်ဖွဲ့ဝင်များ အပြီးအပြတ်ဆုတ်ခွာရန်နှင့် ဓားစာခံများကို လွှတ်ပေးရန် ၎င်းတို့ သဘောတူထား ကြောင်း ဟားမတ်စ်အဖွဲ့က ပြောကြားသည်။
ငြိမ်းချမ်းရေးသဘောတူညီမှုကို အောက်တိုဘာ ၅ ရက် ညနေပိုင်းအချိန်အထိ စဉ်းစားခွင့်ပေးထားကြောင်းနှင့် သတ်မှတ်ထားသည့် အချိန်ကျော်လွန်ပါ က ဟားမတ်စ်အဖွဲ့အနေဖြင့် ဝမ်းနည်းစရာများဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၃ ရက် အစောပိုင်းတွင် ဆိုရှယ်မီဒီယာ ၌ သတိပေးပြောကြားခဲ့သည်။
သို့သော် ဟားမတ်စ်က ထာဝရငြိမ်းချမ်းရေး အတွက် အဆင်သင့်ဖြစ်နေမည်ဟု ယုံကြည်ပါကြောင်းနှင့် အစ္စရေးတပ်ဖွဲ့က ဂါဇာကမ်းမြောင် ဒေသ၌ ဗုံးကြဲမှုများကို ချက်ချင်းရပ်တန့်ပစ်ရန် လိုအပ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။
အမေရိကန်အဆိုပြုသည့် အချက် ၂၀ ပါသည့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို အစ္စရေးဝန်ကြီး ချုပ် နေတန်ယာဟုက ထောက်ခံကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးက သဘောတူမည်ဆိုပါက စစ်ပွဲ ချက်ချင်းရပ်ပြီး စစ်ရေးလှုပ်ရှားမှုအားလုံးကို ဆိုင်းငံ့ထားမည်ဖြစ်သည်။ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အစ္စရေးက တရားဝင်လက်ခံပြီး ၇၂ နာရီအတွင်း ဟားမတ်စ်က ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း အဆိုပါသဘောတူညီချက်တွင် ဖော်ပြထားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


