ရန်ကင်းကိုကိုလေး

နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း၊ မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များတွင်လည်းကောင်း  တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အကြိုပြိုင်ပွဲများ ကျင်းပလျက်ရှိသော သတင်းများကို ဖတ်ရှုတွေ့မြင် နေရသည်။

ထိုတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အနုပညာထူးချွန်သူများက နေပြည်တော်၌ နိုင်ငံတော်အဆင့် ကျင်းပတော့မည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲကြီးတွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများ  ချစ်ကြည်စည်းလုံးညီညွတ်စွာဖြင့် မိမိတို့၏ အနုပညာစွမ်းရည်များကို တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ဂုဏ်ယူဝင့်ကြွားစွာ  ထုတ်ဖော်ပြသခွင့် ရကြပေတော့မည်။

တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀  ကျော်  မှီတင်းနေထိုင်

 မြန်မာနိုင်ငံသည်  တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော်  မှီတင်းနေထိုင်သည့်  ပြည်ထောင်စုဖြစ်သည်နှင့်အညီ  တိုင်းရင်းသားလူမျိုးတို့၏  ရေ၊ မြေ၊ ရာသီဥတုနှင့် ရိုးရာယဉ်ကျေးမှုကို မှီတည်၍ ရိုးရာဂီတ အနုပညာများသည်လည်း မတူကွဲပြားကြသည်။ မတူကွဲပြားမှုများနှင့်အတူ အမြဲရှင်သန်နေသည့်   ယဉ်ကျေးမှုအမွေအနှစ်များကို  စုစည်း၍ ယဉ်ကျေးမှုအနုသုခုမတည်းဟူသော  ခေါင်းစဉ်အောက်တွင် ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ မပျောက်ပျက်အောင် ကြိုးပမ်းဖော်ထုတ်ရမည်ဖြစ်သလို   ဆက်လက်ပြန့်ပွား အောင်   ကြိုးပမ်းမြှင့်တင်ရမည်လည်းဖြစ်သည်။

မြန်မာနိုင်ငံသည် အမျိုးသားယဉ်ကျေးမှု အစဉ်အလာကြီးမားသောနိုင်ငံဖြစ်ကြောင်းကို ယနေ့ကာလအထိ   ရှင်သန်နေဆဲဖြစ်သော ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အနုသုခုမပညာရပ်များက သက်သေပြလျက်ရှိနေသည်။ ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းမြင့်မားမှုကို ညွှန်းဆိုပြနေသဖြင့်   ယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်သွားပါက လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏  အနှစ်သာရလည်း  ပျောက်ဆုံး သွားမည်ပင်ဖြစ်သည်။   အမျိုးသားယဉ်ကျေးမှုသည်   နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသက်ပင်ဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုမြင့်မားလေ နိုင်ငံနှင့် လူမျိုး၏ အဆင့်အတန်းမြင့်မားလေပင်ဖြစ်သည်။

ယဉ်ကျေးမှုဟူသည် လူသားတစ်ဦး သို့မဟုတ် မျိုးနွယ်စုတစ်စု စတင်မွေးဖွားသည်မှ သေဆုံးသည်အထိ  ထိတွေ့ရင်ဆိုင် ကြုံတွေ့ဖြတ်သန်းရသော အရာအားလုံးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ယနေ့ မျိုးဆက်သစ်လူငယ်များ မွေးဖွားကြီးပြင်းရာခေတ်တွင်   နိုင်ငံအသီးသီး၊  လူမျိုးအသီးသီး၏ အမျိုးမျိုးသော   ယဉ်ကျေးမှုများသည်   မီဒီယာနည်းပညာများကို အသုံးပြု၍ လွတ်လပ်ပွင့်လင်းစွာ စီးဆင်းလာကြသည်။ ထိုအထဲတွင် တိုးတက်ဆင့်ပွားယူဆောင်ရမည့်အရာများရှိသလို  ဆန့်ကျင်ဖီလာ ဖြစ်နေသည့်အရာများ လည်း   ပါဝင်လာပေသည်။ ထို့ကြောင့်  မျိုးဆက်သစ်လူငယ်များ  အတုယူမှား၊  လမ်းမှား မလိုက်မိစေရန်၊  ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားအောင်   ဆောင်ရွက်ရန်   လူငယ်များ၏ စိတ်နှလုံးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို တန်ဖိုးထားနှစ်သက်မြတ်နိုး စိတ်မှာစွဲထင်ကာ လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်ကြစေရန်အတွက် အစဉ်အလာမပျက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးများကို နိုင်ငံတော်အဆင့် ခြိမ့်ခြိမ့်သဲသဲ အောင်မြင်စွာဆင်နွှဲကျင်းပနိုင်ခဲ့သည်မှာ   ယခု ၂၀၂၅ ခုနှစ်တွင် (၂၆) ကြိမ်မြောက်အထိ ခရီးပေါက်ခဲ့ပြီဖြစ်ပါသည်။

အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ၁၉၉၃ ခုနှစ်က စတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံ‌တော်အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ်ရည်ရွယ်ချက်ကောင်းများစွာဖြင့် ၂၀၁၆ ခုနှစ်အထိ (၂၂) ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာ ကာလပြိုင်ပွဲများ ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း  တွေ့ရှိရပါသည်။  ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) တွင် နိုင်ငံတော်အကြီးအကဲက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်  လမ်းညွှန်ခဲ့သဖြင့်  ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးများ ပြန်လည်အသက်ဝင်လှုပ်ရှားခွင့်ရရှိခဲ့သည်။  မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များကို ထိန်းသိမ်းဆောင်ရွက်ထားသော ပညာရှင်ကြီးများ၊ မြန်မာ့ရိုးရာအနုသုခုမပညာရပ်များကို   မြတ်နိုးတန်ဖိုးထားသူ   ဝါသနာရှင်လူငယ်များ အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများ  ပြန်လည်ပေါ်ထွန်းလာခြင်းကို ဝမ်းသာပီတိဂုဏ်ယူဝင့်ကြွားစွာဖြင့်  စောင့်ကြိုနေကြပြီး  ရွှင်လန်းတက်ကြွစွာ  ပါဝင်ဆင်နွှဲခဲ့ကြသဖြင့် ထိုအောင်ပွဲမဟာသည် ယခု ၂၀၂၅ ခုနှစ်တွင် (၂၆) ကြိမ်တိုင်လေပြီ။

မြန်မာတိုင်းရင်းသားတို့၏ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီဖြစ်သော    ကိုယ်ပိုင်စာပေ၊   ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးဓလေ့များ မြန်မာ့ဟန်၊ မြန်မာမှု၊ မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက် လက္ခဏာများသည် ထင်ရှားစွာရှိခဲ့ပါသည်။

“မြန်မာ့ရှေးဟောင်းမြို့ပြနိုင်ငံများမှ တွေ့ရှိခဲ့ရသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်    အထောက်အထားများ၊   စာပေအထောက်အထားများနှင့်  အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင်မှတ်တမ်းများအ‌ရ မြန်မာလူမျိုးများသည် ရှည်လျားသော သမိုင်းကြောင်းတစ်လျှောက်တွင် ဘာသာရေးဆိုင်ရာ အဆုံးအမများ၊ အဆင့်အတန်း မြင့်မားသည့်  ယဉ်ကျေးမှုထုံးဓလေ့များ၊  သိမ်မွေ့နက်နဲသည့် အနုသုခုမပညာရပ်များနှင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုကို ခြေခြေမြစ်မြစ်ထူထောင်ခဲ့ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစွာနေထိုင်လာခဲ့ကြသည့် လူမျိုးဖြစ်ကြောင်း ခိုင်မာစွာသိရှိရပါကြောင်း။

ကောင်းမြတ်သည့် ဂုဏ်ဒြပ်နှင့် အစဉ်အလာ   အမျိုးသား‌ရေးစံနှုန်းများ

မြန်မာနိုင်ငံအနေဖြင့်လည်း    မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ကောင်းမြတ်သည့် ဂုဏ်ဒြပ်နှင့်အစဉ်အလာ   အမျိုးသား‌ရေးစံနှုန်းများကို  ကမ္ဘာတည်သရွေ့အဓွန့်ရှည်တည်တံ့နေဖို့ ရည်မှန်းပြီး အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတော်က အလေးထားကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းများအနက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အ‌ရေး၊ အတီး ပြိုင်ပွဲကြီးများ ကျင်းပခြင်းသည်လည်း တစ်မျိုးသားလုံးပါဝင်ဆောင်ရွက်ကြသည့် အဆင့်အမြင့်ဆုံး  အမျိုးသားရေးအားထုတ်မှု တစ်ရပ်ဖြစ်သည်ဟု ပြောကြားလိုပါကြောင်း၊ ပြည်သူအားလုံးနှင့် အနုပညာရှင်များ လူငယ်လူရွယ်များ အားလုံးအနေဖြင့် နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးတိုးတက်စည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏       ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများ ကမ္ဘာ့အလယ်တွင် တင့်တယ်စွာ ဆက်လက်ရှင်သန်နေစေရေးအတွက် အနုပညာစွမ်းအားနှင့်      ကြိုးပမ်း ဆောင်ရွက်ပေးကြရေး၊ တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာမှုအန္တရာယ်ကို ခုခံကာကွယ်နိုင်ရေး၊ ဘိုးဘွားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်း အမွေဆက်ခံမည့် မျိုးဆက်သစ်လူငယ်များ အမျိုးသားရေးစိတ်ဓာတ်ကိုယ်ခံအား ပြည့်ဝခိုင်မာလာစေရေး အနုပညာစွမ်းအားနှင့် ကြိုးပမ်းဆောင်ရွက်ပေးကြရေး၊   ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့    ဝင့်ထည်စွာ   တည်တံ့စေရေးအတွက်    ဦးတည်ပြီး    အမျိုးသားယဉ်ကျေးမှု အဆင့်အတန်း   အစဉ်ထာဝရမြင့်မားစေရအောင် အနုပညာစွမ်းအားဖြင့် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ပေးကြရေး တိုက်တွန်းမေတ္တာရပ်ခံလိုပါကြောင်း” (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မိန့်ကြားခဲ့ပါသည်။

ထို့ကြောင့် နိုင်ငံ‌တော်က အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ (၂၆) ကြိမ်မြောက်ပြိုင်ပွဲကြီးကို ပြိုင်ပွဲဝင်ဘာသာရပ် ပြည့်ပြည့်စုံစုံ၊ အကဲဖြတ်ပညာရှင်ကြီးများ   သိုက်သိုက်ဝန်းဝန်း၊   တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ   မျိုးဆက်သစ်ပြိုင်ပွဲဝင်   လူငယ်လူရွယ်မောင်မယ်များ၊ အင်ပြည့်အားပြည့်ဖြင့် ပါဝင်ဆင်နွှဲယှဉ်ပြိုင်နိုင် ကြရန်အတွက်  အားကြိုးမာန်တက်  ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ ပြင်ဆင်လေ့ကျင့်နေကြပြီဖြစ်ရာ  မကြာမီနေ့ရက်များတွင် ပြည်ထောင်စုနယ်မြေ   နေပြည်တော်၌  အနုပညာဥယျာဉ်သာ ပန်းခင်းကြီးအတွင်း ရောင်စုံပွင့်လန်း ပန်းအလှကမ္ဘာကြီးအသွင် မြန်မာ့ရိုးရာအနုပညာ စွမ်းအင်များကို တက်ကြွလန်းရွှင်စွာ စွမ်းပကားပြသကြပေတော့မည်။

မှီငြမ်းကိုးကား

            (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊

            အက၊ အရေး၊ အတီးပြိုင်ပွဲ မှတ်တမ်းများ