ဝါရှင်တန် အောက်တိုဘာ ၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  ယခုလ နှောင်းပိုင်းတွင် ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ရန် စီစဉ်နေကြောင်း ဂျပန်နှင့် အမေရိကန် သတင်းရင်းမြစ်များက ယနေ့ ပြောသည်။

တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် အာရှ-  ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်မီ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်နိုင်ဖွယ်ရှိကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြား သည်။

အောက်တိုဘာ ၂၇ ရက်မှစတင်၍ ဂျပန်နိုင်ငံသို့ သုံးရက်ကြာ သွားရောက်လည်ပတ်မည့် ဒေါ်နယ်ထရမ့်၏အစီအစဉ်များကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားသည်။

သမ္မတ ထရမ့်က ဂျပန်ဝန်ကြီးချုပ် အီရှီဘာ နေရာတွင် ဆက်ခံမည့် ဝန်ကြီးချုပ်သစ်နှင့် နှစ်နိုင်ငံရေးရာကိစ္စရပ်များကို  ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

အောက်တိုဘာ ၂၈ ရက်တွင် တိုကျိုမြို့တော်အနီး ယိုကိုဆူကာမြို့ရှိ အမေရိကန်ရေတပ်အခြေ စိုက်စခန်းအား သမ္မတ ထရမ့်က လာရောက်စစ်ဆေးမည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ထရမ့်က ၎င်း၏ပထမသက်တမ်းအတွင်း ၂၀၁၉ ခုနှစ် မေလတွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့စဉ်က ရေတပ်အခြေစိုက်စခန်းသို့လည်း သွားရောက်ခဲ့ပြီး ထိုနေရာတွင် ကျောက်ချရပ်နားထားသည့် ကုန်းရေနှစ်သွယ် ချေမှုန်းရေးသင်္ဘောပေါ်တွင်  မိန့်ခွန်းပြောခဲ့သည်။

အမေရိကန်ရေတပ်အခြေစိုက်စခန်းကို သွားရောက်စစ်ဆေးခြင်းဖြင့် ဂျပန်-အမေရိကန် မဟာမိတ်၏ အရေးပါမှုကို အလေးပေးဖော်ပြရာရောက်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် -‌ အောင်ကျော်ကျော်