နေပြည်တော် ၁၅ မတ်
Resolving Insolvency Indicator အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြု အဖွဲ့ဝင်များက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား Insolvency Law (မူကြမ်း) နှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက Ease of Doing Business အစီရင်ခံစာ ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ Methodology အရ Insolvency Law အား ပြဋ္ဌာန်းပြီး မြန်မာနိုင်ငံပြန်တမ်း၌ ထည့်သွင်းကြေညာခြင်း၊ စတင်အသက်ဝင်အောင် ဆောင်ရွက်ခြင်း၊ မြီစားနှင့် မြီရှင် တရားရုံး၌ ရင်ဆိုင်ကြရာတွင် ဤဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်မည်ဆိုပါက လာမည့် ၂၀၂၀ ပြည့်နှစ် Doing Business အစီရင်ခံစာ တွင် အမှတ်ရရှိလာမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် ပြည်သူ့လွှတ်တော် ကော်မတီများမှ လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေမူကြမ်းအပေါ် အကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဥပဒေမူကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေအသစ်နှင့် ဥပဒေအဟောင်း ကွာခြားချက်များ၊ ဥပဒေသစ်တွင်ပါဝင်သည့် စီးပွားရေး လုပ်ငန်းများကို ကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ ကုမ္ပဏီများ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ တစ်သီးပုဂ္ဂလ လူမွဲခံယူခြင်းနှင့် နယ်စပ်ဖြတ်ကျော် လူမွဲခံယူခြင်း စသည့် ကဏ္ဍများနှင့်စပ်လျဉ်း၍ ထည့်သွင်းရေးဆွဲထားမှု အခြေအနေများ၊ ဥပဒေသစ်တွင် ထူးခြားချက်များအနေဖြင့် စီးပွားရေးလုပ်ငန်းများကို ကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ခန့်အပ်ဆောင်ရွက်ခြင်းနှင့် တရားရုံးများပါဝင်မှု အခန်းကဏ္ဍ လျှော့ချထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကော်မတီများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ Resolving Insolvency Indicator အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြု အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


