သီသီသောင်း
ယနေ့ခေတ်ပြတိုက်များသည် အတိတ်မှယဉ်ကျေးမှုအမွေအနှစ် အရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်၊ ပြသရာနေရာသာမက လူ့ဘောင်အသိုင်းအဝိုင်းများ၏ လိုအပ်ချက်များ၊ အတွေ့အကြုံများ၊ ဖန်တီးမှုနှင့် အနာဂတ်အမြင်များကို သက်ဝင်ပေါင်းစပ်ဖော်ဆောင်သည့် ယဉ်ကျေးမှု အဖွဲ့အစည်းများဌာနအဖြစ် တိုးတက်လာပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ ၂၀၂၅ ခုနှစ် မတ်လက ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ပြတိုက်ဆိုင်ရာ ထိပ်သီးညီလာခံ (Museum Summit 2025) သည် “အကန့်အသတ်များကို ကျော်လွန်ခြင်း” (Going Beyond) ဆိုသည့် အဓိကအကြောင်းအရာ အောက်တွင် ၂၁ ရာစု ပြတိုက်များ၏ တာဝန်နှင့် အခန်းကဏ္ဍ အသစ်များကို လေ့လာဆန်းစစ်ရန်၊ အမြင်အသစ်များ ဖော်ထုတ်ရန်၊ ပြတိုက်များကို သမားရိုးကျအခန်းကဏ္ဍများမှ ကျော်လွန်ကာ ခေတ်မီနည်းပညာ အသုံးချမှုမှစ၍ ခရီးသွားလုပ်ငန်းနှင့် ပေါင်းစပ်တိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သည့် ရေရှည်တည်တံ့ရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမြှင့်တင်မှု စသည့်ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။ ထို့ပြင် ပြတိုက်များသည် လူထုပါဝင်ပူးပေါင်းဆွေးနွေးဖလှယ်မှုများ၊ ဆန်းသစ်တီထွင်မှု၊ ယဉ်ကျေးမှုဖလှယ်မှု၊ အနာဂတ်ဗျူဟာများကို အခြေခံကာ လူ့အဖွဲ့အစည်းအတွက် ပိုမိုကျယ်ပြန့်သည့်ဝန်ဆောင်မှုများ ပံ့ပိုးနိုင် ရန် ယဉ်ကျေးမှုဗဟိုဌာနအဖြစ် တိုးတက်ဖော်ဆောင်နိုင်ရန်လည်း ရည်ရွယ်ပါသည်။
အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့ရှိ ပြတိုက်နယ်ပယ်မှ ပညာရှင် ၃၀၀၀ ခန့် ပါဝင် တက်ရောက်ခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းမှ နာမည်ကြီးပြတိုက်များနှင့် အဖွဲ့အစည်းများမှ ပြတိုက် ဦးဆောင်သူများနှင့် ပညာရှင် ၃၀ ကျော်က ပါဝင်ဆွေးနွေးခဲ့ကြပြီး လက်တွေ့အတွေ့အကြုံများနှင့် အမြင်အသစ်များကို မျှဝေခဲ့ကြကာ ပြတိုက်ဆိုင်ရာထိပ်သီး ညီလာခံပထမနေ့တွင် စာတမ်းရှင် ၁၂ ဦး၊ ဒုတိယနေ့တွင် စာတမ်းရှင်၁၄ ဦး စုစုပေါင်း စာတမ်းရှင် ၂၆ ဦးက စာတမ်းဖတ်ကြားခဲ့ပါသည်။
သုံးသပ်ဆွေးနွေးကြသည့် နယ်ပယ် လေးခုမှာ—
(က) ပြတိုက်များ + ခရီးသွားလုပ်ငန်း (Museums + Tourism)
ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းသည် ဆက်စပ်ညီညွတ်သည့် အရေးကြီးကဏ္ဍနှစ်ခုဖြစ်ရာ ကပ်ရောဂါအပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာမှုအတွင်း ပြတိုက်များသည် ယဉ်ကျေးမှုအခြေခံခရီးစဉ်အဖြစ် ပိုမိုအရေးပါလာကြပါသည်။ ပြတိုက်များကို ယဉ်ကျေးမှု အရင်းအမြစ်အဖြစ် မြှင့်တင်ကာ ပြည်တွင်းနှင့် နိုင်ငံတကာခရီးသွားများအား ဆွဲဆောင်နိုင်ရန် ဒေသအလိုက် အထူးပြပွဲများ ပြုလုပ်ခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ ခရီးသွားလမ်းညွှန်သင်တန်းများနှင့် မူပိုင်မှတ်တမ်းများ တိုးတက်စေရန် ကြိုးပမ်းမှုများအပါအဝင် နည်းလမ်းမျိုးစုံတို့ ပါဝင်ပါသည်။ ထို့ပြင် ပြတိုက်များသည် သဘာဝနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများအပေါ် တာဝန်ယူမှုရှိပြီး ဧည့်သည်များအပေါ် ဝန်ဆောင်မှုပေးနိုင်သည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကို ပံ့ပိုးနိုင်သော ယဉ်ကျေးမှု ဧရိယာအဖြစ် အရေးပါလာပေသည်။
အထူးသဖြင့် ယနေ့ခေတ်တွင် ပြတိုက်များသည် တည်နေရာအကန့်အသတ်ကို ကျော်လွန်ကာ (Beyond geographical boundaries) ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျောညီထွေစေရန် နိုင်ငံတကာဆက်သွယ်ရေးတွင် အရေးပါသော Tourism Industry တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီဖြစ်ပါသည်။ ပြတိုက်များသည် ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ယဉ်ကျေးမှုအခြေခံခရီးစဉ်အဖြစ် တိုးတက်လာကာ Over Tourism နှင့် Under Tourism ကို ထိထိရောက်ရောက် စီမံခန့်ခွဲရန် မဟာဗျူဟာများ ချမှတ် ရပေမည်။ Over Tourism နှင့် Under Tourism ဖြစ်စေနိုင်သည့် ဧရိယာများတွင် နည်းပညာကို အသုံးပြု၍ visitor flow ကို ထိန်းညှိနိုင်ပါသည်။ ထို့ပြင် ပြတိုက်များသည် ခရီးသွားလုပ်ငန်းကို ယဉ်ကျေးမှုအခြေခံ နည်းလမ်းများဖြင့် မြှင့်တင်ခြင်းဖြင့် တိုင်းပြည်၏ အမျိုးသားစီးပွားရေး တိုးတက်မှုကို အထောက်အကူပြုသည့် အရေးပါသောကဏ္ဍတစ်ခုအဖြစ် ထင်ပေါ်လာပေသည်။
(ခ) ပြတိုက်များ + နည်းပညာ (Museums + Technology)
ပြတိုက်များသည် AI နှင့် ဒစ်ဂျစ်တယ်နည်းပညာအသစ်များ၏ အားသာချက်များဖြင့် စိတ်ဝင်စားဖွယ်အတွေ့အကြုံအသစ်များ၊ ပြသမှုအကြောင်းအရာများကို ပိုမိုတိကျပြတ်သားစွာ ဖန်တီးပေးနိုင်လာကြပြီဖြစ်သည်။ Virtual Reality (VR) နှင့် Interactive Display များက ပရိသတ်၏ စိတ်ဝင်စားမှုကို မြှင့်တင်နိုင်သည့်အပြင် နက်နက်ရှိုင်းရှိုင်း သဘောတရားများကိုလည်း ပိုမိုနားလည်သဘောပေါက်စေနိုင်သည်။ Digitization စနစ်များသည် ပညာရေးနှင့် သုတေသနလုပ်ငန်းများအတွက် လွယ်ကူသက်သာစေသည့်အပြင် အနာဂတ်တွင် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရေးအတွက်လည်း အရေးကြီးသောနည်းလမ်းတစ်ခုဖြစ်လာပါသည်။ ထို့ပြင် Visitor App များနှင့် Augmented Reality (AR) Guide များသည် ပြတိုက်တွင် ပြသပစ္စည်းများကို ချဲ့ထွင်တွေ့မြင်နိုင်သည့် အတွေ့အကြုံသစ်များကို ပေးစွမ်းပြီး ပရိသတ်နှင့် ပိုမိုနီးစပ် လာစေပါသည်။
နည်းပညာတိုးတက်မှုများကြောင့် ပြတိုက်များ၊ ပရိသတ်နှင့် ယဉ်ကျေးမှုအမွေအနှစ်အကြား ဆက်သွယ်မှုပုံစံများ ပြောင်းလဲလာပြီး ပြတိုက်များသည် မျှော်လင့်ထားသည်ထက် ကျော်လွန်သော စွမ်းရည်များကို ပြသနိုင်လာပြီဖြစ်ပါသည်။ထိုနည်းပညာပံ့ပိုးမှုများသည် ပိုမိုစူးစမ်းဖွယ် ကောင်းပြီး ဧည့်ပရိသတ်များအတွက် စိတ်ဝင်စားစရာကောင်းသော အတွေ့အကြုံများကို ဖန်တီးပေး နိုင်သလို အလွှာစုံသင်ကြားမှု အခွင့်အလမ်းများကိုလည်း ပိုမိုတိုးမြှင့်နိုင်ပါသည်။ ထို့ပြင် နည်းပညာ အသစ်များသည် ယဉ်ကျေးမှုအမွေအနှစ်များကို လူ့အဖွဲ့အစည်းအတွင်း ပိုမိုလွယ်ကူစွာ ဝင်ရောက်ခွင့်ပေးနိုင်ပြီး ပရိသတ်နှင့် ပိုမိုသက်ဆိုင်လာစေရန်အတွက် အပြန်အလှန် တုံ့ပြန်မှုများဖြစ်လာစေခြင်းအားဖြင့်လည်း မြှင့်တင်နိုင်ပါသည်။
ထို့ကြောင့် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများမှ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို စူးစမ်းလေ့လာသင့်ပြီး ထိုအခွင့်အလမ်းများတွင် လူထုပါဝင်မှု၊ ယဉ်ကျေးမှုအနုပညာ နားလည်မှု၊ ပညာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာကွာဝေးမှုများကို ချိတ်ဆက်နိုင်ပါသည်။ ထိုသို့ နည်းပညာတိုးတက်မှုများအပေါ်အခြေခံ၍ ပြတိုက်များ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများကို တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်စေနိုင်ပါသည်။
(ဂ) ပြတိုက်များ + ရေရှည်တည်တံ့မှု (Museums + Sustainability)
ယနေ့ပြတိုက်များသည် သဘာဝပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းအပေါ် တာဝန်ယူမှုရှိသော နေရာများအဖြစ် ပြောင်းလဲလာကြပါသည်။ ယင်းတာဝန်ယူမှုအရ Eco-friendly practices များ ကိုအသုံးပြုကာ စွမ်းအင်သုံးစွဲမှုလျှော့ချခြင်း၊ စနစ်တကျအညစ်အကြေးစွန့်စနစ်များ တည်ဆောက်ခြင်း၊ Recycling လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။ ထို့ပြင် Green building design များကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ ထောက်ပံ့လျက်ရှိပါသည်။
ပြတိုက်များသည် Community-based programs များအား တိုးမြှင့်ကာ ဒေသခံအသိုင်းအဝိုင်း၏ ပါဝင်မှုများကို အားပေးခြင်းအားဖြင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောစင်္ကြံ တစ်ခုအဖြစ် ရပ်တည်လာသလို အနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ရေရှည်တည်တံ့မှု ရည်ရွယ်ချက်ဖြင့် ထိန်းသိမ်းသည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
ပြတိုက်များသည် Sustainable Development Goals (SDGs) နှင့် ကိုက်ညီရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပြီး သဘာဝနှင့် လူမှုရေးအပေါ် တာဝန်ယူမှုပြုသော လုပ်ဆောင်မှုများကို မည်သည့်ဧည့်ပရိသတ်မဆို စိတ်ဝင်စားစွာပါဝင်လာစေရန် ပညာပေးလမ်းညွှန်မှုများ ပြုလုပ်လျက်ရှိပါသည်။ နည်းပညာအသစ်များကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ၏ ထိရောက်မှုကို မြှင့်တင်နိုင်ပြီး ပြပွဲများတွင် အသုံးပြုသည့်ပစ္စည်းများအတွက်လည်း ထပ်မံအသုံးပြုနိုင်သောဒီဇိုင်းများကို တီထွင်အသုံးပြုသင့်ပါသည်။ ထို့ပြင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် သဘာဝနှင့် ညီညွတ်သောအရင်းအမြစ်များ အသုံးပြုခြင်း စသည့် Sustainable Strategies များကိုလည်း လုပ်ငန်းစဉ်များအတွင်းတွင် ထည့်သွင်းထားရပေမည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် လူမှုယဉ်ကျေးမှုစိန်ခေါ်မှုများ ပိုမိုများပြားလာသည့်အချိန်၌ ပြတိုက်များသည် မျှော်မှန်းထားသည့် ရိုးရာပြတိုက်လုပ်ငန်းစဉ်များအပေါ်တွင်သာမက လူမှုရေး၊ ယဉ်ကျေးမှုနှင့် ငွေကြေးပိုင်းဆိုင်ရာ ရေရှည်တည်တံ့မှုများ(Social, Cultural and Financial Sustainability) ကိုလည်း စဉ်ဆက်မပြတ် တာဝန်ယူဆောင်ရွက်ရပေမည်။
ထို့ကြောင့် အနာဂတ်တွင် ပြတိုက်များအနေဖြင့် စဉ်ဆက်မပြတ် ရေရှည်တည်တံ့သော ဆန်းသစ်သည့် လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ရန် အရေးကြီးပါသည်။
ဥပမာ - Sustainable Museum Practices
- Single-use plastics မသုံးဘဲ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများ အသုံးပြုခြင်း၊
- LED မီးများ အသုံးပြုခြင်းဖြင့် စွမ်းအင်ချွေတာခြင်း၊
- ပြတိုက်အတွင်း အပူ၊ အအေး ထိန်းညှိမှုစနစ်တွင် စွမ်းအင်သက်သာသည့် နည်းပညာအသုံးပြုခြင်း၊
- ပြသပစ္စည်းများအတွက် သဘာဝ အရင်းအမြစ်ပစ္စည်းများ (ဥပမာ- သစ်သားထည်၊ ကျောက်) ကို အသုံးပြုခြင်း၊
- စာရွက်မဟုတ်သော digital labels အသုံးပြု၍ ပြသပစ္စည်း အကြောင်းအရာ ဖော်ပြခြင်း၊
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတိပေးမှုများ မြှင့်တင်ခြင်းနှင့် စွမ်းအင်ထိရောက်မှုရှိသော နည်းလမ်း များကို ပေါင်းစပ်အသုံး ပြုခြင်း။
(ဃ) ပြတိုက်များ + စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး (Museums+ Wellness)
ယနေ့ပြတိုက်များသည် ယဉ်ကျေးမှု အပေါ်အခြေခံ၍ တိုးတက်ပြောင်းလဲလာကာ ပညာရပ်ဆိုင်ရာ အသိပညာ၊ ဗဟုသုတပေးသောနေရာအဖြစ်သာမက စိတ်ပိုင်းနှင့် ရုပ်ပိုင်းကျန်းမာရေးတိုးတက်ရေးအတွက်လည်း အရေးပါသော အဖွဲ့အစည်းများဖြစ်လာခဲ့ပါသည်။
ပြတိုက်များက စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ခြင်း၊ တစ်ဦးချင်းသင်ယူမှုအခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခြင်းနှင့် ကိုယ်တိုင်ယုံကြည်မှုတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေနိုင်သော အနုပညာနှင့် ယဉ်ကျေးမှုအတွေ့အကြုံများကို ပေးစွမ်းနိုင်ပါသည်။ ထို့ပြင် ပညာရေး၊ စိတ်ကျန်းမာရေးနှင့် ကိုယ်ကျန်းမာရေးကို ပံ့ပိုးပေးနိုင်သော နေရာများအဖြစ် ပြတိုက်များ၏ အခန်းကဏ္ဍသည် တဖြည်းဖြည်းတိုးချဲ့လာပါသည်။
အထူးသဖြင့် စိတ်ဖိစီးမှုရှိသူများ၊ မတည်မြဲသော ခံယူချက်များရှိသူများအတွက် ကိုယ်တိုင်ယုံကြည်မှု တိုးမြှင့်နိုင်ရန်အတွက် ကျန်းမာရေးမြှင့်တင်ရေး အစီအစဉ်များကို ဖန်တီးပံ့ပိုးလျက်ရှိပါသည်။
ထိုအစီအစဉ်များတွင်—
- လူတိုင်းဝင်ရောက်နိုင်ရန် အခွင့်အလမ်းတိုးချဲ့သည့် Access Programs ၊
- စိတ်ပိုင်းနှင့် ရုပ်ပိုင်းကျန်းမာရေး တိုးတက်ရေးအတွက် ပြိုင်ပွဲများ၊ Therapeutic Activities နှင့် အပန်းဖြေအစီအစဉ်များ၊
- စိတ်ဓာတ်၊ ခံယူချက်၊ စိတ်ခံစားမှုနှင့် ဆက်စပ်သည့် အတွေ့အကြုံပေးနိုင်သော Mindfulness-based Programs၊ Mindfulness Tours နှင့် Wellness Workshops
- Art Therapy Programs များဖြင့် ပရိသတ်များနှင့် ထိရောက်သော ဆက်ဆံရေးတည်ဆောက်ခြင်း၊
အထူးသဖြင့် စိတ်အေးချမ်းမှုရရှိစေနိုင်သော အတွေ့အကြုံ အခြေပြုအစီအစဉ် များ (Experience-based Programs တွင် ပါဝင်သည့် လုပ်ဆောင်ချက်များမှာ—
- စိတ်အပန်းဖြေစေနိုင်သည့် စိတ်ကျေနပ်ဖွယ်ဓာတ်ပုံ၊ ပန်းချီပြခန်းများ ဖော်ပြခြင်း၊
- စိတ်ဖိစီးမှုလျှော့ချနိုင်သည့် တိတ်ဆိတ်သည့် ဧရိယာတစ်ခုဖန်တီးခြင်း၊
- ထိတွေ့ခံစားနိုင်သော (interactive) ပစ္စည်းများ အသုံးပြုနိုင်ရန် ဖန်တီးခြင်း၊
- အသံ၊ အနံ့နှင့် အလင်းရောင်တို့ဖြင့် စိတ်ဖြေလျှော့မှုကို ထောက်ပံ့ခြင်း။
ပြတိုက်များသည် လူ့ဘောင်အတွင်း ကျန်းမာရေးမြှင့်တင်ရေးအတွက် ဆန်းသစ်သော ပူးပေါင်းပါဝင်မှုအခြေပြု အစီအစဉ်များဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတက်ရေးအတွက် အထောက်အကူဖြစ်သောနေရာအဖြစ် တိုးတက်လာနေပါသည်။ ထို့ကြောင့် အနာဂတ်တွင် ပြတိုက်များသည် ပညာပေးသည့်အခန်းကဏ္ဍကို ကျော်လွန်၍ လူ့ဘောင်၏ ကျန်းမာရေးနှင့် သက်သောင့်သက်သာရှိမှု တိုးမြှင့်ပေးနိုင်သော အဖွဲ့အစည်းအဖြစ် တိုးတက်လာ နိုင်မည်ဖြစ်ပါသည်။
၂၀၂၅ ခုနှစ် ပြတိုက်ဆိုင်ရာ ထိပ်သီးညီလာခံသည် ခေတ်မီပြတိုက်စီမံခန့်ခွဲမှု နည်းလမ်းများ၊ နိုင်ငံတကာအဆင့် ပြတိုက်ပညာရပ်များ၊ နည်းပညာအသစ်များနှင့် အတွေးအမြင်အသစ်များ၊ နိုင်ငံတကာပြတိုက်များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပြတိုက်ပညာပေးရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေး အခန်းကဏ္ဍများ၊ ပြတိုက်များ အပြန်အလှန်လေ့လာရေးနှင့် ပြပွဲဖလှယ်ရေး လမ်းကြောင်းအသစ်များကို ဖွင့်လှစ်ပေးသည့် အနာဂတ်ပြတိုက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော Turning Point တစ်ခုဖြစ်ခဲ့ပါသည်။ ။


