စိုးသူရ
တရုတ်နိုင်ငံသည် လှပသည့်ရေမြေ တောတောင်သဘာဝများရှိပြီး အပန်းဖြေစရာ နေရာဒေသများရှိသည့်အတွက် ကမ္ဘာလှည့်ခရီးသွားများကြားတွင် သွားရောက်မှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ နိုင်ငံအတွင်းအပန်းဖြေနေရာများအား စနစ်တကျစီမံခန့်ခွဲခြင်းနှင့် သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းကြောင့် ခရီးသွားလုပ်ငန်းတွင် အောင်မြင်မှုများရရှိနေသည်ကို တွေ့ရှိရသည်။
တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် ကမ္ဘာလှည့်ခရီးသွားများအား ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပေးသည့် မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံအတွင်းသို့ ခရီးသွား ဝင်ရောက်မှုများပြားလာခဲ့ပြီး ခရီးသွားလုပ်ငန်းဝင်ငွေ အများအပြားရရှိခဲ့သည်။ ယခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ရုရှားနိုင်ငံသားများအား တရုတ်နိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသို့ ရုရှားခရီးသွားများ လည်ပတ်ရန် စီစဉ်ဆောင်ရွက်ခြင်းများ များပြားလာသည်။
ပေကျင်းမှလည်ပတ်စရာနေရာများ
မြို့တော်ပေကျင်းတွင် သွားရောက်လည်ပတ် စရာနေရာများအဖြစ် မေ့ပျောက်ခံရသည့် မြို့တော်ဟုအမည်ရသည့် ဘုရင့်နန်းတော်၊ တီယန်မင်ရင်ပြင်၊ ပေကျင်းငှက်သိုက် အားကစားရုံ၊ မဟာတံတိုင်း၊ နွေရာသီနန်းတော်အပါအဝင် နေရာများစွာရှိသည်။ ဘုရင့် နန်းတော်အား မင်မင်းဆက်နှင့် ကွမ်မင်းဆက် အုပ်ချုပ်သည့် အချိန် ၁၃၆၈ မှ ၁၉၁၁ အတွင်း တော်ဝင်နန်းတော်အဖြစ် အသုံးပြုခဲ့ကာ နန်းတော်အတွင်း ယဉ်ကျေးမှုလက်ရာများကို ထိန်းသိမ်းထားရှိသည်။
ပေကျင်းမြို့ရှိ အခြားလည်ပတ်စရာနေရာတစ်ခုမှာ တီယန်မင်ရင်ပြင်ဖြစ်သည်။ ယင်းရင်ပြင်တွင် တီယန်မင်မျှော်စင်၊ နိုင်ငံ့သူရဲကောင်းများ အထိမ်းအမှတ်နေရာ၊ တရုတ်ပြည်သူ့ခန်းမဆောင်၊ မော်စီတုန်းအထိမ်းအမှတ်ခန်းမနှင့် တရုတ်အမျိုးသားပြတိုက်တို့ဖြင့် ဖွဲ့စည်းထားပြီးနှစ်စဉ် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်မှုအများဆုံးနေရာဖြစ်သည်။
နောက်ထပ်လည်ပတ်ရမည့် နေရာတစ်ခုမှာ နွေရာသီနန်းတော်ဖြစ်သည်။ နွေရာသီနန်းတော်အား တရုတ်ဧကရာဇ်များနှင့် မိသားစုဝင်များအပန်းဖြေရာတော်ဝင်ဥယျာဉ်အဖြစ် အသုံးပြုသည်။ တရုတ်နိုင်ငံ ပေကျင်းရှိ မဟာတံတိုင်းသည်လည်း ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာနေရာတစ်ခု ဖြစ်သည်။
၁၆ ရာစုအစောပိုင်းက တည်ဆောက်ခဲ့သည့် မဟာတံတိုင်းသည် ကျူးကျော်သူများ၏ရန်မှ ကာကွယ်ရေးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မဟာတံတိုင်းသည် တရုတ်နိုင်ငံ၏ စည်းလုံးညီညွတ်မှုစွမ်းအားကို ဖော်ပြနေကာ နှစ်စဉ်လာရောက်လည်ပတ်သူ သန်းနှင့်ချီ၍ရှိသည်။ တရုတ်နိုင်ငံ ပေကျင်းမြို့မှ အခြားစိတ်ဝင်စားဖွယ် အစီအစဉ်မှာ စက်ဘီးများကို လူသွားလမ်းဘေးတွင် ထားရှိပြီး စီးနင်းလိုသူက အက်ပလီကေးရှင်းမှ ချိတ်ဆက်၍သော့ဖွင့်ပြီး စီးနိုင်ခြင်းဖြစ်သည်။ ထိုအစီအစဉ်သည် စက်ဘီးဖြင့် လည်ပတ်လိုသူ ခရီးသွားများအတွက် မြို့အနှံ့သို့ စက်ဘီးစီးကာ လည်ပတ်နိုင်မည့် အခွင့်အရေးကိုရရှိစေသည်။
ခရီးသွားများ လာရောက်မှုများပြားသည့် အခြားနေရာတစ်ခုမှာ ရှန်ဟိုင်းမြို့ဖြစ်သည်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သည် ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအတွင်း နိုင်ငံတကာခရီးသွား ၄ ဒသမ ၁ သန်းကို ဆွဲဆောင်နိုင်ခဲ့သည်။ ရှန်ဟိုင်းသည် တရုတ်ရိုးရာ ယဉ်ကျေးမှုနှင့် အနောက်တိုင်းယဉ်ကျေးမှုများ ပေါင်းဆုံရာနေရာတစ်ခုအဖြစ် ခရီးသွားများလာရောက်မှုအများဆုံးနေရာဖြစ်သည်။ အများဆုံး လာရောက်လည်ပတ်သူများမှာ တောင်ကိုရီးယားနိုင်ငံမှ ခရီးသွားများဖြစ်သည်။ ရှန်ဟိုင်းတွင် ခရီးသွားလုပ်ငန်းများက ခရီးသွားမြှင့်တင်ရေးပွဲများကို မကြာခဏကျင်းပပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကို ဆောင်ရွက်နေသည်။
တရုတ်နိုင်ငံရှိ ဝင်ထွက်နေရာများနှင့် လေဆိပ်များတွင် နိုင်ငံတကာမှ ခရီးသွားများ ဘာသာစကား အခက်အခဲပြေလည်စေရေးအတွက် ဉာဏ်ရည်တုနည်းပညာသုံး ဘာသာပြန်စက်များကိုလည်း ထားရှိရာ ခရီးသွားလုပ်ငန်းအတွက် အကူအညီများ ရရှိသည်ကို တွေ့ရှိရသည်။ ဘာသာစကားအများအပြား ကျွမ်းကျင်သည့် တရုတ်လူငယ်များကလည်း စကားပြန်များအဖြစ် ဆောင်ရွက်နေကြ သည်။ ။
ကိုးကား - China Tourism Websites


