နီဇော်သစ်
၂၀၂၂ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ လေ့လာတွေ့ရှိချက်များထဲတွင် ‘ဒစ်ဂျစ်တယ်နည်းပညာများ သည် စက်မှုလုပ်ငန်းများကို အသွင်ပြောင်းလဲစေရုံ သာမဟုတ်၊ အာဏာနှင့် ဩဇာလွှမ်းမိုးမှု နယ်နိမိတ်မျဉ်းများကိုပါ ပြန်လည်ရေးဆွဲခဲ့သည်’ ဆိုသည့် အချက်တစ်ချက်ပါဝင်သည်။ ယင်းမှာ သတင်းနည်းပညာ၏ ပါဝါပြန်လည်ဖြန့်ဝေမှု မည်မျှကျယ်ပြန့်သည်ဆိုသည်ကို ပြသသည့်အချက် လည်း ဖြစ်သည်။
လူသားတို့၏ သမိုင်းတစ်လျှောက် နည်းပညာအမျိုးမျိုးတီထွင်ကြံဆခဲ့ကြရာ လူသားတို့၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်အသီးသီးကို ပုံစံအမျိုးမျိုးပြောင်းလဲစေခဲ့သည့် နည်းပညာများ ပေါ်ထွက်ခဲ့ပြီး ယင်းတို့ကို အထွေထွေသုံးနည်းပညာများဟု ပြန်လှန်သုံးသပ်သူများက အမည်တပ်ခဲ့ကြသည်ကို ရှေ့ဆောင်းပါးများတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်တို့ခေတ်ဟု ဆိုနိုင် သည့် ၂၀ ရာစု နှောင်းပိုင်းနှင့် ၂၁ ရာစုအစပိုင်းတွင် ပြုပြင်ပြောင်းလဲမှု အားအကောင်းဆုံး နည်းပညာအဖြစ် သတင်းနည်းပညာကို ကြုံတွေ့ခဲ့ရသည်။ ကျွန်တော်တို့သည် သတင်းခေတ်လူသားများ ဖြစ်ခဲ့ကြရသည်။ ဖြစ်နေကြရသည်။
စီးပွားရေးပညာရှင်တို့က အထွေထွေသုံးနည်းပညာတို့ကို သတ်မှတ်ရာတွင် အဓိကအရည်အသွေး သုံးရပ်ကို အဓိကထားခဲ့ကြသည်။ ယင်းတို့မှာ နေရာတကာ ပျံ့နှံ့နိုင်စွမ်း၊ အချိန်နှင့်အမျှ တိုးတက်နိုင်စွမ်းနှင့် ဆန်းသစ်တီထွင်မှုတို့ကို အားဖြည့်ပေးနိုင်စွမ်းတို့ဖြစ်သည်။ ရှေ့က နည်းပညာများအကြောင်းရေးခဲ့စဉ်က ထိုသဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့်ထည့်မပြောဘဲ ယခုမှပြောရသည်မှာ ကျွန်တော်တို့ လက်တွေ့ကြုံခဲ့ကြရသည့် ကိစ္စများဖြစ်၍ ပိုမိုနားလည်နိုင်ခြင်းကြောင့်ပင်။
သတင်းနည်းပညာ၏ ပျံ့နှံ့နိုင်စွမ်းကိုကြည့်ပါ။ ဘဏ်စနစ်မှသည် ပညာရေးစနစ်အထိ၊ ကာကွယ် ရေးစနစ်မှသည် ဖျော်ဖြေရေးစနစ်များအထိ မည်သည့်နေရာတွင်မဆို သတင်းနည်းပညာကို မသုံးသည့် စနစ်ဟူ၍မရှိတော့ပေ။ လူတိုင်းလူတိုင်း၏ လက်ထဲတွင် စမတ်ဖုန်းများ ရောက်လာပြီး မည်သည့်အသက်အရွယ်အတွက်မဆို မရှိမဖြစ် နေ့စဉ်သုံးအရာတစ်ခု ဖြစ်လာသည်က အခြားနည်းပညာများထက်ပိုပြီး သတင်းနည်းပညာ၏ ပျံ့နှံ့နိုင်စွမ်းမြင့်မားမှုကို ပြသနေသည်။ အချိန်နှင့် အမျှ တိုးတက်နိုင်စွမ်းကိုလည်း အထူးပြောနေစရာမလို။ ကျွန်တော်တို့ကျောင်းတက်စဉ်ကာလက နည်းပညာများနှင့် လက်ရှိနည်းပညာတို့ကို ယှဉ်ကြည့်လျှင်ပင် တော်တော်ကြီး ကွာခြားနေပြီ။ ကျွန်တော်တို့လက်ထဲတွင် ကိုင်ထားသည့် စမတ်ဖုန်းများ၏ တွက်ချက်နိုင်စွမ်း၊ သိမ်းဆည်းနိုင် စွမ်းသည် ယခုနေ မိသားစုအလွန်ကို ရောက်တော့မည်ဖြစ်သည့် ဗွိုင်ယေဂျာ အာကာသယာဉ်တို့တွင် သုံးထားသည့် ကွန်ပျူတာများထက် များစွာသာလွန်လျက်ရှိနေပြီမဟုတ်ပါလား။ ဆန်းသစ် တီထွင်မှုကို အားဖြည့်ပေးနိုင်စွမ်းတွင်လည်း အနာဂတ်အထွေထွေသုံးနည်းပညာများဟု မျှော်လင့်ထားကြသည့် အသိဉာဏ်တုနည်းပညာ၊ ဇီဝအတုနည်းပညာနှင့် ကွမ်တမ်ကွန်ပျူတာနည်းပညာတို့မှာ သတင်းနည်းပညာပလက်ဖောင်းပေါ်တွင် ကြီးကြီးမားမားအခြေခံထားရကြောင်း တွေ့ရလိမ့်မည်။
နည်းပညာတစ်ခုသည် အထွေထွေသုံးနည်းပညာအဆင့်သို့ ရောက်သွားပြီဆိုလျှင် ကျွဲကူးရေပါဆိုသလို ပါဝါပြန်လည်ဖြန့်ဝေမှုကိုလည်း လုပ်ကြသည်။ ထိုသို့ ပါဝါပြန်လည်ဖြန့်ဝေမှုများ ဖြစ်လာတိုင်း လူသားတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ အစိုးရ၊ အဖွဲ့အစည်း၊ ကော်ပိုရေးရှင်းများနှင့် ပြည်သူများအကြားမှ အားပြိုင်မှုများမှသည် ယဉ်ကျေးမှုနှင့် နိစ္စဓူဝ လုပ်ငန်းဆောင်တာများအထိ ပြောင်းလဲသွားလေ့ရှိသည်။ ယခုသတင်းနည်းပညာ၏ ပါဝါပြန်လည်ဖြန့်ဝေမှုမှာ ကျွန်တော်တို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရခြင်းဖြစ်၍ လွန်ခဲ့သည် ဆယ်စုနှစ်တစ်ခု၊ ထို့ထက်ပိုကြည့်လျှင် နှစ်ခု၊ သုံးခုလောက်နှင့် လက်ရှိနေထိုင်သွားလာလုပ်ကိုင်ရသည့်ပုံစံများ မည်မျှပြောင်းသွားသည်ကို ကောင်းကောင်းမြင်ကြပါလိမ့်မည်။
စီးပွားရေးအသုံးအနှုန်းအရပြောရလျှင် သတင်းနည်းပညာသည် ပါဝါကိုစုစည်းခြင်းနှင့် ဖြန့်ဝေခြင်းတို့ တစ်ပြိုင်နက်လုပ်သည်ဆို၏။ ယင်းမှာ ထူးခြားချက်ဖြစ်သည်။ ယခင်နည်းပညာများတုန်းက ပါဝါကို ဗဟိုချက်၌ စုသွားခြင်းမျိုးဖြစ်စေသလို ပြည်သူအများထံ ပျံ့နှံ့လာခြင်းကိုလည်း ဖြစ်စေတတ်သည်။ နည်းပညာတစ်ခု၏ တိုးတက်မှုအတွင်း ပါဝါပျံ့နှံ့မှု ပြောင်းလဲသွားတတ်သည်ကိုလည်း မြင်တွေ့ရသည်။ သို့သော် ယခု သတင်းနည်းပညာမှာ ထိုနှစ်ချက်လုံးကို တစ်ပြိုင်နက် လုပ်ဆောင် ခဲ့ခြင်းဖြစ်၍ ထူးခြားသည်ဟု ဆိုရပါသည်။
သတင်းနည်းပညာ၏ ပါဝါကိုဗဟိုချက်၌ စုစည်းစေသည်ကို နည်းပညာဘီလူးကြီးများဖြစ်ကြသော အက်ပဲလ်၊ အမေဇုန်၊ အယ်လ်ဖာဘက်(ဂူးဂဲလ်)၊ မီတာ(ဖေ့စ်ဘွတ်ခ်)၊ မိုက်ခရိုဆော့ဖ် အစရှိသည့် လုပ်ငန်းကြီးများ၏ ဩဇာမည်မျှကြီးမားလာ သည်ဆိုသည်ကိုကြည့်လျှင် သိနိုင်သည်။ သူတို့က အချက်အလက်များ၊ အယ်လ်ဂိုရစ်သမ်များ၊ ပလက်ဖောင်းများကို ပိုင်ဆိုင်ထားသည်။ ဒစ်ဂျစ်တယ်ခေတ်၏ စံနှုန်းများကို သတ်မှတ်သည်။ ဈေးကွက်များကို ထိန်းချုပ်သည်။ လူထုသွားရာလမ်းကို ပဲ့ကိုင်သည်။ ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ရှိုရှာနာ ဇူးဘော့ဖ်ကဆိုလျှင် ‘စောင့်ကြည့် သည့် အရင်းရှင်ဝါဒ’ဟုပင် အမည်တပ်သည်။ “လူသားတို့၏ အတွေ့အကြုံများသည် အမူအကျင့်ဆိုင်ရာ အချက်အလက်များအဖြစ် အခမဲ့ပြောင်းလဲသွားသည်”ဟု သူက ဆိုသည်။
ဤနေရာတွင် သဘောတရားပိုင်းဆိုင်ရာ ဝိရောဓိတစ်ခုကို တွေ့နိုင်သည်။ အရင်းရှင်ဝါဒဆိုသည် မှာ လစ်ဘရယ်လမ်းစဉ်နှင့် တွဲဖက်သည်။ လွတ်လပ်မှုကို အသားပေးသည်။ လူတစ်ဦး တစ်ယောက် ချင်းစီကို စောင့်ကြည့်ခြင်းမှာ အာဏာရှင်လမ်းစဉ်ဖြစ်သည်။ အရင်းရှင်ဝါဒစွဲကိုင်သည့် လစ်ဘရယ်တို့ ရှုတ်ချသည့်နည်းလမ်းဖြစ်သည်။ သို့သော် ယင်းမှာ လူအများအတွက်ပြောခြင်း မဟုတ်ဘဲ အစိုးရများနှင့် ကော်ပိုရေးရှင်းကြီးများကြားမှ ကိစ္စကိုသော ပြောခြင်းဖြစ်ကြောင်း ယနေ့ ခေတ်တွင် ပိုထင်ရှားလာသည်။ အစိုးရထိန်းချုပ်မှုအောက်မှ လွတ်လပ်ခွင့်ရထားသော ကော်ပိုရေးရှင်းကြီးများသည် တစ်ဦးတစ်ယောက်ချင်းစီ၏ ပုဂ္ဂိုလ်ရေးများအထိ စောင့်ကြည့်နိုင်စွမ်း ရှိလာသည်။ ကြည့်လည်းကြည့်သည်။ လစ်ဘရယ်စနစ်အောက်မှ လွတ်လပ်သော ကော်ပိုရေးရှင်းကြီးများသည် အာဏာရှင်ဆန်လာသည်ဟု ဆိုနိုင်ပြီမဟုတ်ပါလား။ ပိုဆိုးသည်မှာ နိုင်ငံ၊ ဒေသအကန့်အသတ်မရှိခြင်းပင်။ ကော်ပိုရေးရှင်းကြီးတစ်ခု၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှု များကို သုံးလိုက်ပြီဆိုသည်နှင့် (မသုံးလျှင်လည်း လူရာမဝင်ဖြစ်နိုင်) မည်သည့်နိုင်ငံသားဖြစ်ပါစေ ထိုကော်ပိုရေးရှင်း၏ နိုင်ငံသားအလိုလို ဖြစ်သွားတော့သည်။
ပြောင်းပြန်အားဖြင့် တစ်ဖက်တွင် သတင်းနည်းပညာသည် လူအများထံသို့လည်း ပါဝါပြန်လည် ဖြန့်ဝေပေးသည်။ ယင်းကို ပညာရှင်များက ဆန်းသစ်တီထွင်မှုဆိုင်ရာ ဒီမိုကရေစီပြုခြင်းဟု ခေါ်ကြသည်။ ဆိုလိုသည်မှာ မည်သူမဆို ဆန်းသစ်တီထွင်ခွင့်ရှိလာခြင်းဖြစ်သည်။ ဥပမာအားဖြင့် မိမိပတ်ဝန်းကျင်ရှိ လူများအတွက်အသုံးဝင်မည့် အွန်လိုင်းဒေတာဘေ့စ်တစ်ခု တည်ဆောက်မည် ဆိုပါစို့။ အခမဲ့ အွန်လိုင်းဒေတာဘေ့စ် အက်စ်ကျူအယ်လ်များရှိသည်။ အခမဲ့ ဝက်ဘ်ဝန်ဆောင်မှု အေပီအိုင်များရှိသည်။ အသုံးပြုသူများလာလျှင်တော့ ပိုက်ဆံပေးရမည်။ ပရိုဂရမ်ရေးဖို့ အခမဲ့ အိုအက်စ်များ၊ ဘာသာစကားများရှိသည်။ လင်းနပ်စ်တို့ ပိုင်သွန်တို့လိုမျိုးဖြစ်သည်။ပရိုဂရမ်မရေးတတ်မည်ကို လည်းမစိုးရိမ်ရ။ ယနေ့ခေတ်တွင် အေအိုင်ကို အခမဲ့မေးပြီး အစအဆုံးရေး နိုင်သည်။ လူအယောက် ၁၀၀ လောက် ဝိုင်းသုံးနိုင်သည့် (တစ်ပြိုင်နက်မဟုတ်) အွန်လိုင်း ဒေတာဘေ့စ်တစ်ခုကို အလွယ်တကူ အခမဲ့တည်ဆောက်နိုင်ခြင်းသည် ရှေ့ကပြောခဲ့သည့် ဆန်းသစ် တီထွင်မှုဆိုင်ရာ ဒီမိုကရေစီပြုခြင်းအတွက် အသေးစားဥပမာတစ်ခုဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်း လောလောဆယ်တစ်ခုစမ်းကြည့်ထား၍ လက်တန်းပြောနိုင်ခြင်းဖြစ်ပါသည်။
သတင်းနည်းပညာခေတ်သည် ကိုယ်တိုင်ကြုံနေရသည့်ခေတ်ဖြစ်သောကြောင့် ပြောစရာများလှသည်။ အခြား ပါဝါပြန်လည်ဖြန့်ဝေမှုများကို ဆက်လက်ဆွေးနွေးသွားပါဦးမည်။


