ဘိုင်ယန်မြူးနစ်အသင်းဟာ အောက်တိုဘာ ၄ ရက်ညပိုင်းက ဘွန်ဒက်လီဂါပွဲစဉ်မှာ ဖရန့်ဖက်အသင်းကို သုံးဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ဇယားထိပ်မှာ လေးမှတ်ဖြတ်ဖြင့်  ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဖရန့်ဖက်အသင်းနဲ့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက်သွင်းဂိုးတွေကို  လူးဝစ်ဒီယက်က တစ်ဂိုး၊ ဟယ်ရီကိန်းက နှစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ အခုဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၁၀ ပွဲမှာ ၁၈ ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်ကလည်း   ဥရောပထိပ်တန်းလိဂ် ငါးလိဂ်မှာ ကလပ်အသင်းတစ်သင်းနဲ့အတူ ဂိုး ၁၀၀ ပြည့် အမြန်ဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမား ငါးဦးစာရင်းဝင်အဖြစ်လည်း   မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဖရန့်ဖက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဘွန်ဒက်လီဂါပွဲစဉ်(၆) အပြီးမှာ အမှတ်ပေးဇယားဒုတိယနေရာက ဒေါ့မွန်အသင်းကို လေးမှတ်ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားထိပ်ဆုံးက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာလည်း     နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်ကစားပြီးချိန်ဖြစ်မယ့် အောက်တိုဘာ  ၁၈ ရက်မှာ ထိပ်တိုက်ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။

ငွေကြယ်