တီဟီရန် အောက်တိုဘာ ၆
အီရန်နှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီကြား ပြီးခဲ့သည့်လက ရရှိခဲ့သည့် သဘောတူညီချက်သည် သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အေဗတ်အေရာချီက ပြောကြားသည်။ ယင်းသဘောတူညီချက်တွင် အီရန်နျူကလီးယား စက်ရုံများအား စစ်ဆေးမှုပြန်လည် စတင်ရန်ခွင့်ပြုထားသည်။
အောက်တိုဘာ ၅ ရက်က ကျင်းပခဲ့သည့် သံတမန်များတက်ရောက်သည့် အစည်းအဝေးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ စက်တင်ဘာလအတွင်းက အီရန်အား အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးနောက် ယခုအစည်းအဝေးကျင်းပခြင်းဖြစ်သည်။ အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းဖြင့် အီရန်နှင့် ကမ္ဘာ့နိုင်ငံများကြား ဆက်ဆံရေးကောင်းနေသည့်အခြေအနေမှ ဆိုးရွားသည့်အခြေ အနေသို့ ပြောင်းလဲသွားနိုင်သည် ဟု ၎င်းကပြောကြားသည်။
အီရန်အနေဖြင့် နျူကလီးယား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည်ဖြစ်ကာ ၎င်းဆောင်ရွက် မည့်အစီအစဉ်သည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် သုံးစွဲရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် နျူကလီးယားအရေးကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်လို ကြောင်း ၎င်းကပြောကြားသည်။ အီရန်နှင့်ကမ္ဘာ့နိုင်ငံများကြား ၂၀၁၅ ခုနှစ်တွင် နျူကလီးယား သဘောတူညီချက် ရရှိခဲ့သည်။
သို့ရာတွင် အီရန်နိုင်ငံက ယူရေနီယံသတ္တုများ ပြန်လည်ထုတ်လုပ်နေသောကြောင့် ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီတို့က ယခုနှစ်ဩဂုတ်လတွင် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ


