ရမည်းသင်း အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့၏ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်ဘုရားကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲကို အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ထိုသို့ နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ရာတွင် ရန်အောင်မြင်ဘုရားကြီးအတွင်းရှိ နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များအား ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပညာရေးကျောင်းများ၊ ကျောင်းသား ကျောင်းသူဟောင်းများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စက်ရုံများ၊ ရပ်/ကျေးအုပ်စုတို့က ဘုရားပင့်ဆောင်မည့်ကားများကို အလှဆင်ကာ ရပ်ကွက်အသီးသီးသို့ လှည့်လည်အပူဇော်ခံခြင်း ဖြစ်သည်။
ဘုရားပင့်ဆောင်၍ အပူဇော်ခံသော ဗုဒ္ဓရုပ်ပွားတော်များ ရပ်ကွက်အသီးသီးသို့ ရောက်ရှိရာတွင် ရပ်ကွက်နေ ပြည်သူများက ဖယောင်းတိုင်၊ အမွှေးတိုင်၊ ပန်း၊ သောက်တော်ရေနှင့် နဝကမ္မဝတ္ထု ငွေအစုစုတို့ကို သဒ္ဓါတရားထက်သန်စွာ လောင်းလှူကြပြီး လှည့်လည်ပွဲလိုက်ပါကြသူများအား ရေ၊ အအေးဖျော်ရည်၊ မုန့်တို့ဖြင့် အာဟာရဒါနပြုကြသည်။
ယခုကဲ့သို့ နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရန်အောင်မြင်အကျိုးတော်ဆောင် ဂေါပကအဖွဲ့က မြို့နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်သန်းတင့်(ရမည်းသင်း)


