ဂျကာတာ   အောက်တိုဘာ  ၆

 

အင်ဒိုနီးရှားနိုင်ငံ    အရှေ့ဂျာဗားပြည်နယ် စဆီဒိုအာဂျိုဒေသရှိ စာသင်ကျောင်း အဆောက်အအုံ ပြိုကျမှုတွင်     ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ရုပ်အလောင်း ၁၁ လောင်းကို ထပ်မံရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် သေဆုံးသူ ၆၀ အထိ မြင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှား  အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက အောက်တိုဘာ ၆ ရက်တွင်  ပြောကြားခဲ့သည်။

 

အပျက်အစီးများအောက်တွင် သေဆုံးသူများကို တွေ့ရှိခဲ့ကြောင်း    တာဝန်ရှိသူ  အဗ္ဗဒူမူဟာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

သေဆုံးသူများကို စစ်ဆေးရန်အတွက် ဆူရာဘာရာရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ကုသမှုခံယူနေသည့်  လူနာဦးရေမှာ ၁၀၄ ဦးအထိ မြင့်တက်လာသည်။

 

ကယ်ဆယ်ရေးလုပ်ငန်းများ    ဆက်လက်လုပ်ဆောင်လျက်ရှိကာ အဆောက်အအုံများ ထပ်မံ မပျက်စီးစေရန်အတွက် အပျက်အစီးများ ဖယ်ရှားခြင်းကို သတိဖြင့် ဆောင်ရွက်နေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

စက်တင်ဘာ   ၂၉   ရက်က   ပြိုကျခဲ့သည့် အဆိုပါကျောင်းအဆောက်အအုံအတွင်း ကျောင်းသား အရေအတွက်များစွာ ပိတ်မိနေခဲ့ကြောင်း သိရသည်။

 

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ