နေပြည်တော် အောက်တိုဘာ ၆
ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရားစေတီ ပုထိုးများတွင် ဘုရားဖူးလာ ရဟန်းရှင်လူ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိပြီး နေပြည်တော်အတွင်းရှိ ဘုရားစေတီပုထိုးများ၌လည်း ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ဒါန သီလပွားများခြင်း၊ အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆီမီးများ ထွန်းညှိပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှစတင်၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လက်လုပ်တောင်၊ ရွှေနန်းသွင်းစေတီတော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီတော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့ ဖောင်တော်ချက်မစေတီတော်၊ ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ" သံဝေဇနိယ (၄)ဌာန အပါအဝင် ဘုရားစေတီ ပုထိုး၊ ဘုန်းကြီးကျောင်းများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့်စည်ကားခဲ့ပြီး ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ စတုဒိသာကျွေးမွေး လှူဒါန်းခြင်းတို့ဖြင့် ပြည်သူများ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည်ကို တွေ့မြင်ရသည်။
ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ စွမ်းအင်ဝန်ကြီးဌာနက ကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ကြပြီး ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သဒ္ဓါဓိပတိခေါင်းလောင်းတော်၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များအပါအဝင် အခြားသာသနိက အဆောက်အအုံများကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်းစသည့် ကုသိုလ်ကောင်းမှုပြုကြသူဖြင့် စည်ကားများပြားခဲ့သည်။
ထို့ပြင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) သည် အများပြည်သူရုံးပိတ်ရက် ဖြစ်သည့်အတွက် နေပြည်တော်အတွင်းရှိ အများပြည်သူ အပန်းဖြေအနားယူရာ နေရာများတွင် ပြည်သူ များသည် လွတ်လပ်ပျော်ရွှင်စွာ အနားယူ အပန်းဖြေလျက်ရှိကြသည်။
ထို့အတူ နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် သီတင်းကျွတ်တေးဂီတ ဖျော်ဖြေပွဲနှင့် ညဈေးရောင်းပွဲတော်အတွင်း မြန်မာ့ရိုးရာ အစားအစာများနှင့် အခြားစားသောက်ဖွယ်ရာများ ရောင်းချလျက်ရှိသည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် နိုင်ငံကျော်တေးသံရှင်များက DJ Music Band များနှင့်အတူ တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်း များဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြရာ ပြည်သူအများ အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပြီး လာရောက်ကြည့်ရှုကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
မင်းကျော်စွာ
ဓာတ်ပုံ-ပြည့်စုံအောင်


