နေပြည်တော် အောက်တိုဘာ ၆
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (၁) မစ္စတာ ဆာဂေး လူကာရှယ်ဗစ်ချ်တို့ ဦးဆောင်၍ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်နေမှု၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး စသည့် ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အာဆီယံ၊ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS အဖွဲ့တို့နှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် ယင်းအဖွဲ့များအတွင်း ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များတွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) မစ္စတာ ဆာဂေးလူကာရှယ်ဗစ်ချ်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်


