ထားဝယ် အောက်တိုဘာ ၆
ထားဝယ်မြို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ဖွင့်ပွဲကို ယမန်နေ့ညနေ ၆ နာရီက ထားဝယ်မြို့ တလိုင်းမရပ် ကမ်းနားလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ် မြစ်ကမ်း၌ ရှေးရိုးရာ အစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒေသခံပြည်သူများက သဗ္ဗညုဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မျှော်မှန်းဆ၍ ဆီမီးများထွန်းညှိပူဇော်သည်။
ထို့နောက် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌတို့က မီးပုံးပျံအကြီးဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်လွှတ်တင်ပူဇော် ပြီး မြို့မိမြို့ဖများနှင့် ဒေသခံထားဝယ် မြို့သူမြို့သားများက မီးပုံးပျံအလုံးရေ ၅၀၀ ကို တညီတညွတ်တည်း လွှတ်တင်ပူဇော်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရပ်ကွက်ကျေးရွာအလိုက် အလှဆင်ထားသည့် အလှသပိတ်အိုးကြီးများ ပူဇော်ခံထားရှိမှုနှင့် နိဗ္ဗာန်ဈေးအလှူတော်များကို လိုက်လံကြည့်ရှုအားပေးကာ ထားဝယ်မြို့သူ မြို့သားများ၏ သီဆိုကပြဖျော်ဖြေနေမှုနှင့် ဇာတ်သဘင်များဖြင့် ဧည့်ခံဖျော်ဖြေနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ကိုယနေ့နံနက် ၄ နာရီတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှင်ဥပဂုတ္တ မထေရ်မြတ်အား ရည်စူး၍ သပိတ်မျှောကာ ဆွမ်းဆက်ကပ်ကုသိုလ်ပြုကြပြီး ဒေသခံထားဝယ် မြို့သူမြို့သားများက ထားဝယ်ရိုးရာသပိတ်မျှောမုခ်ဦးမှစ၍ ဝင်္ကပါလျှောက်လမ်းကို ပျော်ရွှင်စွာဖြတ်ကျော်ကြကာ သပိတ်မျှော၍ ဆုတောင်း ပတ္ထနာပြုပြီး ကုသိုလ်ပြုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသည့် သင်္ဘောဆိပ်ရပ်ကွက်၊ ဒုတိယဆုရရှိသည့် အိုးလုပ်ရပ်ကွက်၊ တတိယဆုရရှိသည့် Sweet December သွေးလှူရှင် လူငယ်များအဖွဲ့တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပလေ့ရှိပြီး စေတနာရှင်၊ အလှူရှင်များက သပိတ်မျှောပွဲသို့ လာရောက်ကြည့်ရှုသူများကို စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းနှင့် သပိတ်မျှောပွဲတွင် ထားဝယ်ရိုးရာ ယဉ်ကျေးမှုအက၊ ထားဝယ်ဒေသသပိတ်မျှောပွဲအက၊ ထားဝယ်ရိုးရာ အကအလှပဒေသာများ၊ ဇာတ်သဘင်များဖြင့် သီဆိုဧည့်ခံဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများက ကြည့်ရှုအားပေးကြသည်။
သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တ မထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ် ထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီ ကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကို ထည့်ပြီး တံခွန်၊ ကုက္ကားများ စိုက်ထူ၍ ဆီမီးများထွန်းညှိကာသပိတ်မျှောကြခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသ ကောင်းမွန်စေရန်၊ ဆန်ရေစပါး စီးပွားဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသောဘေးဘယာ ကံကြမ္မာအပေါင်း ကင်းဝေးလွတ်မြောက်စေရန် ဆုတောင်းပတ္ထနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်တိုင်းရင်းသားလူမျိုးများက ရှေးအစဉ်အဆက်မှ ယနေ့တိုင် သပိတ်မျှောပွဲတော်ကို ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


