တောင်ကြီး အောက်တိုဘာ ၆

 

တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာစေတီတော်ကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၆ နာရီ ခွဲက စေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။

 

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က နိုင်ငံတော် သြဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ   ငါးပါးသီလခံယူဆောက်တည်ကြပြီး  ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့   သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက်   အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကြသည်။

 

က်လက်၍ တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်မှ အရှင်မာဏဝက ပဋ္ဌာန်းအမွှမ်းဖတ်ကြားပူဇော်၍ ဆရာတော်သံဃာတော်များနှင့် ပရိသတ်များက   ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော် (အကျဉ်း) ကို ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပဋ္ဌာနဘာဏကသံဃာတော်များက ပဋ္ဌာန်းကျမ်းမြတ်ဒေသနာတော်ကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ကြသည်။

 

အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ ခုနစ်ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)