သထုံ အောက်တိုဘာ ၆

 

မွန်ပြည်နယ် သထုံမြို့ရှိ သမိုင်းဝင်လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

 

စေတီတော်မြတ်ကြီးမှာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးနံဘေး၌ တည်ရှိသဖြင့် အလွယ်တကူ ဝင်ရောက်ဖူးမြော်နိုင်ရာ အများပြည်သူ ပိတ်ရက်ကာလ ကျိုက်ထီးရိုး၊ ကျိုက္ခမီ၊ စက်စဲ အစရှိသည့် အောက်မြန်မာပြည် ဘုရားဖူးအပန်းဖြေခရီး ထွက်သူအများစုတို့ ခရီးတစ်ထောက်နား ဝင်ရောက်ဖူးမြော်လေ့ရှိသည်။ မြို့၏အထင်ကရစေတီလည်း ဖြစ်သည့်အလျောက် ယခုကဲ့သို့ ဝါလကင်းလွတ် သီတင်းကျွတ်ကာလတွင် ဒေသခံအပေါင်းတို့က မိသားစုအလိုက် လာရောက်ဖူးမြော် ကုသိုလ်ပြုလေ့ရှိသောကြောင့် အထူးစည်ကားသည်။

 

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားသည့် အဘိဓမ္မာအခါတော်နေ့ ဖြစ်သည့်အလျောက် ရွှေစာရံစေတီတော်အပါအဝင် သထုံမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန် အသီးသီးတို့၌ အဘိဓမ္မာအခါတော်နေ့ပူဇော်ပွဲ၊ တရားသဘင် ဆင်ယင်ကျင်းပခြင်း၊ ဘုရားရှင်အား ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကုသိုလ်ပြုကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)