ကွာလာလမ်ပူ    အောက်တိုဘာ     ၇

မလေးရှားနှင့်     ပါကစ္စတန်နှစ်နိုင်ငံတို့ကြား စားရေရိက္ခာဖူလုံရေး၊ လေကြောင်းကဏ္ဍနှင့် ဆိုင်ဘာလုံခြုံရေးကဏ္ဍတို့တွင်  ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ခေါင်းဆောင်များအကြား  အပြန်အလှန်ခရီးစဉ်များမှတစ်ဆင့်  မြှင့်တင်မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်နှင့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗတ်ရှာရစ်တို့က  ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ရာ၌   ပြောကြားသည်။ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗတ်ရှာရစ်သည်  လက်ရှိအချိန်တွင်  မလေးရှားနိုင်ငံသို့  အလည်အပတ်ခရီးရောက်ရှိနေသည်။ စိုက်ပျိုးရေးကဏ္ဍတွင် သုတေသနများပြုလုပ်ခြင်း၊ တီထွင်ဆန်းသစ်မှုများဆောင်ရွက်ခြင်းနှင့် စဉ်ဆက်မပြတ်သည့် စိုက်ပျိုးရေးနည်းပညာများဖလှယ်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း  ၎င်းတို့က ပြောကြားသည်။ ပါကစ္စတန်နိုင်ငံ၏ အစားအသောက်ထုတ်လုပ်ရေးနှင့် ကုန်ပစ္စည်းထုတ်လုပ်မှုကဏ္ဍများတွင် ဝယ်လိုအား  မြင့်တင်လာခြင်းကြောင့်  မလေးရှားနိုင်ငံမှ စားအုန်ဆီထုတ်ကုန်များကို  ပါကစ္စတန်နိုင်ငံသို့ တင်ပို့ရန်အတွက်  မလေးရှားက  စိတ်ဝင်စားမှုမြင့်တက်လာကြောင်း သိရသည်။

ထို့ပြင်နှစ်နိုင်ငံအကြား   သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသည့်   ထောက်ပံ့ရေးကွင်းဆက်များကို တည်ထောင်ရန် သဘောတူခဲ့သည်။ နှစ်နိုင်ငံပြည်သူများအကြား   ကူးလူးဆက်ဆံမှုမြှင့်တင်ရန်အတွက် လေကြောင်းခရီးစဉ်များ ပြေးဆွဲမှုမြှင့်တင်ရန် တာဝန်ရှိသူများအကြား သဘောတူညီချက်ရရှိခဲ့သည်။ ဒေသတွင်းနှင့်  နိုင်ငံတကာပဋိပက္ခများအား နိုင်ငံတကာဥပဒေကိုအခြေခံပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် တာဝန်ရှိသူများအကြား သဘောတူညီခဲ့သည်။

 ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ