နေပြည်တော် ၁၅ မတ်
၂၀၁၉ ခုနှစ်(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ကျောက်စိမ်းအတွဲ စုစုပေါင်း ၁၀၅၀ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၁၂၀ဝ အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၁၀၅၀ တွဲကို ယူရိုငွေ ၄၆ ဒသမ ၅၀၅ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၆၉၇၃ တွဲတွင် နိုင်ငံတော်ပိုင် ကျောက်စိမ်းအတွဲ ၇၉ တွဲ၊ ကုမ္ပဏီ၊ သမဝါယမအသင်းနှင့် အရောင်းဆိုင် ၁၃၀ဝ ကျော်က ပိုင်ဆိုင်သည့် ကျောက်စိမ်းအတွဲ ၄၃၃၂ တွဲ၊ နိုင်ငံတော်နှင့်အကျိုးတူကုမ္ပဏီ ၆၀ ကျော်က ပိုင်ဆိုင်သည့် ကျောက်စိမ်းအတွဲ ၂၅၆၂ တွဲပါဝင်ကြောင်း သိရသည်။
(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ မတ် ၂၀ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မတ် ၁၆ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် ၁၂၀၁ မှ ၂၄၀ဝ အထိလည်းကောင်း၊ မတ် ၁၇ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၂၄၀၁ မှ ၃၆၀ဝ အထိလည်းကောင်း၊ မတ် ၁၈ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၃၆၀၁ မှ ၄၈၀ဝ အထိ လည်းကောင်း၊ မတ် ၁၉ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၄၈၀၁ မှ ၆၀ဝ၀ အထိလည်းကောင်း၊ မတ် ၂၀ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၆၀ဝ၁ မှ ၆၉၇၃ အထိ လည်းကောင်း ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ရတနာပြပွဲသို့ တရုတ်၊ ထိုင်း၊ သြစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့မှ ပြည်ပရတနာကုန်သည်စုစုပေါင်း ၂၉၁၁ ဦးနှင့် ပြည်တွင်းရတနာကုန်သည် ၁၆၂၈ ဦး စုစုပေါင်းရတနာကုန်သည် ၄၅၃၉ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားပြီး ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် အများအပြား တက်ရောက်ကြသည်။
ထို့ပြင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအနေဖြင့် ရတနာပြပွဲ၌ တက်ရောက်လာသည့် ပြည်တွင်းပြည်ပ ရတနာကုန်သည်များက မြန်မာ နိုင်ငံမှထွက်ရှိသော ရတနာပစ္စည်းများကို အမှတ်တရဝယ်ယူနိုင်စေရေးအတွက် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင် ၈၂ ဆိုင်ကို ခင်းကျင်း ပြသ ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရပြီး ရတနာကုန်သည်များ၏ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဘဏ်ကောင်တာများ ဖွင့်လှစ်နိုင် ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်း- မွှေးကြူဇင်
ဓာတ်ပုံ - အေးသန်း


