စစ်တွေ အောက်တိုဘာ ၇
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီ တော်မြတ်ကြီး၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးနှင့် ရန်ပြေမာန်ပြေဘုရားကြီးတို့၌ ကျင်းပသည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြပြီး လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဆီမီးပူဇော်ရန် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုကြပြီး ဆီမီးပူဇော်ပွဲသို့ တက်ရောက် ကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဦးဆောင်ကာ ဆီမီးထွန်း ညှိပူဇော်ပေးကြပြီး စေတီတော်ရင်ပြင်၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ တပျော်တပါး မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် စစ်တွေမြို့ ဂစ္ဆပရပ်ကွက်ရှိ ရန်ပြေမာန်ပြေ ဘုရားကြီးနှင့် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတို့၌ ဆီမီးထွန်းညှိပူဇော်ထားမှုကို သွားရောက်ဖူးမြော်ကြပြီး ဘုရားကြီးရင်ပြင်၌ ဒေသခံပြည်သူများနှင့်အတူ မီးပုံးပျံများ လွှတ်တင် ပူဇော်ကြသည်။
လောကာနန္ဒာစေတီတော်မြတ်ကြီး၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးနှင့် ရန်ပြေမာန်ပြေ ဘုရားကြီးတို့၌ ကျင်းပသော သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


